မြန်မာနဲ့အာဆီယံအဖွဲ့ကြား "ပေါင်းကူးတံတား"အဖြစ်ဆောင်ရွက်ပေးလိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
- BVJ

- Feb 19
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၁၈၊၂၀၂၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဆီဟာဆပ် ဖောင်ကက်ကယောင်းက ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အာဆီယံအကြား “ပေါင်းကူးတံတား” (Bridge)တစ်စင်းသဖွယ်ဆောင်ရွက်ပေးလိုကြောင်း မကြာသေးမီကထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာဆီယံအဖွဲ့ထဲပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အာဆီယံအကြား“ပေါင်းကူးတံတား” (Bridge) တစ်စင်းသဖွယ် ဆောင်ရွက်ပေးလိုကြောင်းကို စစ်အုပ်စုရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်တာပါ။
“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲပြန်လည်ရောက်ရှိနိုင်အောင် ချိတ်ဆက်ပေးမယ့် ပေါင်းကူးတံတားတစ်ခု ဖြစ်ချင်ပါတယ်” ဝန်ကြီး Sihasak က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ဒဏ်အပြင်းအထန်ခံစားနေရတဲ့ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရန်အတွက် ကာလရှည်ကြာချမှတ်ထားတဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်ကို (ငြိမ်းချမ်းရေးမူဘောင်)ကို မြန်မာစစ်အုပ်စုအနေနဲ့လိုက်နာဆောင်ရွက်ဖို့လိုကြောင်း သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။
“ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်တွေစတင်တာမျိုးက ကောင်းမွန်တဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်၊ အလားတူပဲအကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကို ရှောင်ရှားဖို့စတဲ့အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံဘက်ကလည်းထိုင်းနိုင်ငံကို ပြန်လည်ကူညီပေးရပါမယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဆီဟာဆပ်နဲ့ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။နှစ်နိုင်ငံနိုင်ငံဲခြားရေးဝန်ကြီးနှစ်ဦး အထက်ပါတွေ့ဆုံမှုအပြီးမှာ မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကသတင်းထောက်တွေကို မှတ်ချက် တစုံတရာပြောကြားခဲ့ခြင်းမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်သုံးဆင့်ပါဝင်တဲ့ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိကျင်းပခဲ့ပါတယ်။ ကန့်သတ်ထားတဲ့နယ်မြေအချို့မှာသာပြုလုပ်နိုင်ခဲ့တဲ့ အဲ့ဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကအနိုင်ရရှိခဲ့ပေမယ့် ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးအဖွဲ့တွေက အဲ့ဒီရွေးကောက်ပွဲအပေါ် အသိအမှတ်မပြုခဲ့ကြပါဘူး။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၅၀၀)ကျော်ရှည်လျားတဲ့ နယ်စပ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေအနက် အရှည်လျားဆုံး နယ်စပ်မျဉ်းထိစပ်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် ထိုင်းနိုင်ငံအနေနဲ့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေထက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမိုအကျိုးသက်ရောက်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတာဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။




Comments