ဒဏ်ရာရထိုင်းရဲတပ်ကြပ်ကြီးကို မြန်မာမိသားစုဝင်တွေ သွားရောက်တောင်းပန်
- BVJ

- Jan 27
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၂၆၊ ၂၀၂၆

ထိုင်းရဲတပ်ကြပ်ကြီးကိုသေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့မိသားစုဝင်တွေဟာ ပစ်ခတ်ခံခဲ့ရတဲ့ထိုင်းရဲတပ်ကြီးကို ဆေးရုံမှာ ဒီနေ့ သွားရောက်တောင်းပန်ခဲ့ကြပါတယ်။
လူနာသတင်းမေးရင်း ဆေးရုံမှာသွားရောက်တောင်းပန်ခဲ့ကြတဲ့သူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့မြန်မာလူငယ်နှစ်ဦးရဲ့ ဇနီးနဲ့ကလေးတွေအပြင် သူတို့ကိုကူညီနေတဲ့ မဲဆောက်မြို့ကမြန်မာနိုင်ငံသားအချို့လည်း အတူလိုက်ပါသွားကြပါတယ်။
“ဒီနေ့ ကျနော်တို့ PDFရဲဘော်ဟောင်းတွေဖြစ်တဲ့ နဂါးကြီးနဲ့စိုးကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ရဲအရာရှိကို ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေနဲ့ ရဲဘော်ရဲဘက်မိတ်ဆွေတွေက သွားရောက်ရှစ်ခိုးကန်တော့တောင်းပန်ခဲ့ပါတယ်”လို့ ကိုလပြည့်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်။
သေနတ်နဲ့အပစ်ခံရတဲ့ ရဲအရာရှိနဲ့သူ့မိသားစုကလည်း PDFရဲဘော်ဟောင်းတွေကိုခွင့်လွတ်ကြောင်း၊ တမင်ရည်ရွယ်ချက်ရှိရှိမှားတာမဟုတ်တာကို နားလည်ကြောင်းနဲ့ မြန်မာပြည်သူတွေအနေနဲ့ သူ့ကိုပံပိုးကူညီဆုတောင်းပေးသလိုမျိုး အချုပ်ကျနေတဲ့ညီငယ်တွေနဲ့ အပြင်မှာကျန်ခဲ့သူမိသားစုဝင်တွေနဲ့ကလေးငယ်တို့ကိုလည်း ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ကို ရဲအရာရှိကတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
“ဝမ်းသာဝမ်းနည်းမျတ်ရည်ကျရတယ်။ လူမျိုးခြားပေမဲ့ မေတ္တာထားပေးတာ တမိသားစုလုံးမျတ်နှာမှာမြင်ရတယ်။ ပြန်တဲ့အချိန်လှမ်းခေါ် ပြီးကလေး အတွက် နို့ဘူးတွေတောင်ထပ်ပေးလိုက်သေးတယ်”လို့ ရဲအရာရှိကိုသွားတောင်ပန်တဲ့သူတွေထဲမှာပါတဲ့ မမျိုးငယ်ငယ်နိုင်ကလည်းပြောပါတယ်။
အခုလ ဇန်နဝါရီ ၂၀ရက်ညနေပိုင်းအချိန်မှာ မဲဆောက်မြို့၊ မဲကုတိုက်နယ်အတွင်း လက်နက်သယ်ဆောင်လာတဲ့မြန်မာလူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးဖို့ကြိုးစားတဲ့အချိန်မှာ မြန်မာလူငယ်တစ်ဦးကပြန်လည်ပစ်ခတ်လို့ ထိုင်းရဲအရာရှိတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရကာဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။




Comments