ထိုင်းရဲကိုသေနတ်နဲ့ပစ်ခဲ့သူက ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘောဆီလာအဖမ်းခံလို့ ဗိုလ်တာဘောကတဆင့် ထိုင်းရဲတွေဆီပြန်လွှဲပေး
- BVJ

- Jan 22
- 1 min read
BVJ/မိုနာ_ဇန်နဝါရီ ၂၂၊ ၂၀၂၆

ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာ အခုလ ဇန်နဝါရီလ ၂၀ ရက်က ပစ်ခတ်ခံရတဲ့ထိုင်းရဲအရာရှိတစ်ဦးကို မြန်မာနှစ်ဦးက သေနတ်နဲ့ပတ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်ခဲ့သူက ကော်ဘရာစစ်ကြောင်းမှူးဗိုလ်တာဘောဆီမှာလာအဖမ်းခံလို့ ဗိုလ်တာဘောက ဒီနေ့ ဇန်နဝါရီ ၂၂ရက် မွန်းလွဲပိုင်းမှာပဲ ထိုင်းရဲတွေဆီကိုပြန်လွှဲပေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ရက် ညနေပိုင်းမှာလက်နက်ကိုင်ဆောင်သူတွေကိုဖမ်းဆီးဖို့ကြိုးစားချိန်မှာ ထိုင်းရဲအရာရှိသေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်အတွင်း သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အသက် ၂၀ကျော်အရွယ် ကိုနိုင်လင်းအောင်ဆိုသူဟာ ထွက်ပြေးလွတ်မြောက်သွားသလို သူနဲ့အတူဆိုင်ကယ်မောင်းလာတဲ့ ကိုမင်းဇော်ထွေးဆိုသူကိုတော့ အဲ့ဒီနေရာမှာပဲထိုင်းရဲတွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အဲ့ဒီပစ်ခတ်ခဲ့သူဟာ PDFဖြစ်ပြီးကော်ဘရာစစ်ကြောင်းကဖြစ်ကြောင်း ပစ်ခတ်သူရဲ့ဓါတ်ပုံတွေ၊မိသားစုပုံတွေက အွန်လိုင်းမှာပျံ့နှံ့လာပြီးနောက်မှာ ပစ်ခတ်သူဟာလာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။
“ဗိုလ်မှူးတာဘောဆီ လာဖမ်းခံလို့ ထိုင်းရဲဆီအပ်ပြီးပါပြီ။ သူ့ကြောင့် စစ်ကြောင်းနာမည်တပ်ခံရလိုတဲ့ ကိုယ်တိုင်လာဝန်ခံတာပါတဲ့”ဆိုပြီး လာအဖမ်းခံတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းနဲ့နီးစပ်သူတစ်ဦးကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ထိုင်းရဲကိုပစ်ခတ်ပြီးနောက် ကိုနိုင်လင်းအောင်ဟာ သောင်းရင်းမြစ်ကိုဖြတ်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNUထိန်းချုပ်နယ်မြေအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာလို့လည်း သိရပါတယ်။
ထိုင်းသတင်းဌာနတချို့မှာလည်း တရားခံလွှဲပြောင်းပေးတဲ့အခြေအနေတွေကို Liveလွှင့်ထားပြီး အဲ့ဒီထဲမှာ ကိုနိုင်လင်းအောင်ကပစ်ခတ်မှုကိုသရုပ်ပြနေတာကိုလည်း တွေ့ရပါတယ်။
ထိုင်းရဲအရာရှိပစ်ခတ်ခံရမှုဒဏ်ရာနဲ့ ဆေးရုံတက်ကုသနေချိန်အတွင်းမှာလည်း သွေးလိုအပ်မှုတွေရှိခဲ့တာကြောင့် မဲဆောက်မှာရှိတဲ့ရွှေ့ပြောင်းမြန်မာအများအပြားဟာ သွေးလှူဒါန်းမှုနဲ့လူနာသတင်းမေးမြန်းခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။







Comments