မြန်မာနိုင်ငံအရေး ပြန်လည်ချိန်ညှိလုပ်ဆောင်ဖို့ ထိုင်းအစိုးရက အာဆီယံကို တိုက်တွန်း
- BVJ

- Feb 3
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၃၁၊ ၂၀၂၆

စစ်အုပ်စုရဲ့ အထွေထွေရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအရေး ချဉ်းကပ်မှုနဲ့ပတ်သက်ပြီး ပြန်လည်ချိန်ညှိလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုခဲ့ပြီး မြန်မာ့အရေးကိုအခြေအနေအချိန်အခါနဲ့လိုက်လျောညီထွေမလုပ်ဆောင်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ရဲ့အရေးပါမှုဆုံးရှုံးသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ဇန်နဝါရီ၂၉ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့ မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ကတ်ကွမ်က အကြုံပြုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ"ရှေ့တန်းနိုင်ငံ"တစ်ခုဖြစ်ပြီး နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းကပဋိပက္ခတွေရဲ့ တိုက်ရိုက်သက်ရောက်မှုခံနေရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ပြီး အာဆီယံအဖွဲ့က မြန်မာ့အရေးကို ဘုံသဘောတူညီချက်၅ချက်နဲ့ ဦးတည်ဖြေရှင်းဖို့ကြိုးစားနေပေမယ့် အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေဆက်ဖြစ်လာနေတဲ့အတွက် ပြီးခဲ့တဲ့ငါးနှစ်အတွင်းသိသာထင်ရှားတဲ့တိုးတက်မှု အနည်းငယ်ပဲရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ကတ်ကွမ်ကမှတ်ချက်ပြုပါတယ်။ လတ်တလောမှာလည်း အထွေထွေရွေးကောက်ပွဲတစ်ခု မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားပြီဖြစ်တဲ့အတွက် အာဆီယံအဖွဲ့အနေနဲ့ အဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ရမယ်လို့လည်း သူကပြောပါတယ်။
“အာဆီယံအဖွဲ့အနေနဲ့ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံတာမျိုး ဒါမှမဟုတ် ပြတ်ပြတ်သားသားငြင်းပယ်တာမျိုး မလုပ်သင့်ဘူး”လို့ သူကပြောကြားခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာမြင်တွေ့ ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေလိုပဲ ရွေးကောက်ပွဲကို နိုင်ငံရေးဆွေးနွေးပွဲအတွက် အလားအလာရှိတဲ့ အစပြုချက်တစ်ခုအဖြစ် သဘောထားသင့်တယ်လို့အကြံပြုခဲ့ပါတယ်။

အာဆီယံအနေနဲ့မြန်မာနိုင်ငံအရေးကို "နှစ်လမ်းသွား" ထိတွေ့ဆက်ဆံရေး မဟာဗျူဟာတစ်ရပ်ချမှတ်ဖို့ ထိုင်းနိုင်ငံကအဆိုပြုခဲ့ပြီး အဲ့ဒီမဟာဗျူဟာအောက်မှာ မြန်မာအစိုးရရဲ့အကြမ်းဖက်မှုတွေလျှော့ချတာ၊ လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်သွားတာနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးမှုတွေ စတင်တာမျိုးတွေလို လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေနဲ့ လုပ်ဆောင် သင့်တယ်လို့ ဆီဟာဆက်ကဆိုပါတယ်။
ခရက်ဒစ်- Bangkok post







Comments