မြန်မာတစ်ဦးကိုလူလိမ်လို့စွပ်စွဲထိုးကြိတ်ခဲ့တဲ့ ထိုင်းနိုင်ငံသားတောင်းပန်၊ လျော်ကြေး ဘတ် ၅ သောင်းပေး
- BVJ

- Jul 30
- 1 min read
BVJ/ ဇော် - ဇူလိုင် ၃၀၊ ၂၀၂၅။

ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာလုပ်သားတစ်ဦးကိုလူလိမ်လို့စွပ်စွဲကာ ထိုးကြိတ်ပြီး လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေခဲ့တဲ့တာကြောင့် ထိုးကြိတ်စွပ်စွဲခံရသူမြန်မာဘက်က ထိုင်းနိုင်ငံ ရဲစခန်းမှာတိုင်ကြားခဲ့ပါတယ်။
မြန်မာလုပ်သားကို ထိုးကြိတ်ခဲ့တဲ့အတွက် M.H.A.C မဟာမိတ်အဖွဲ့နဲ့ နစ်နာသူအမျိုးသားရဲ့ သူဌေးတို့ပူးပေါင်းပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ မနေ့ ဇူလိုင် ၂၉ ရက်နေ့မှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ကျူးလွန်သူကို ထိုင်းအာဏာပိုင်တွေကရဲစခန်းဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်ကျူးလွန်သူဘက်က မှားယွင်းကြောင်း မြန်မာလုပ်သားကို နယ်မြေရဲစခန်းအရာရှိတွေ၊ ရှေ့နေတွေနဲ့ M.H.A.C မဟာမိတ်အဖွဲ့ဝင်တွေရှေ့မှာ ဝန်ချတောင်းပန်ခဲ့တဲ့အပြင် လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ (၅) သောင်းကိုလည်း ပေးဆောင်ခဲ့ပြီး နောက်ထပ်ပြဿနာမရှာတော့မယ့်အကြောင်းကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် လူမှုကွန်ရက်ကနေ Videoရုပ်သံနဲ့တောင်းပန်ကြောင်းကို ကျူးလွန်သူထိုင်းနိုင်ငံသားဘက်က သုံးရက်တိုင် တင်ပေးသွားမှာဖြစ်ပြီး ရုပ်သံဖိုင်ကိုလည်း ရှေ့နေလက်ထဲပေးပို့ဖို့ကို ဝန်ခံလက်မှတ်ရေးထိုးပြီး အမှုကို အဆုံးသတ်ခဲ့တယ်လို့ လိုက်ပါဆောင်ရွက်ပေးသူ ကိုရဲမင်းကသူ့လူမှုကွန်ရက်မှာအသိပေး ဖော်ပြထားပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့ ပထုံဆေးရုံအနီးမှာ မြန်မာလုပ်သားတစ်ဦးက ကလေးအတွက်ဆေးသွားဝယ်ရင်း ဆိုင်ကယ်ပျက်ခဲ့ပြီး အနီးအနားရှိဆိုင်ကယ်ပြင်ဆိုင်မှာပြင်ခဲ့ရာ ဘတ် ၁၄၀ ကုန်ကျခဲ့တဲ့အတွက် ပေးဆောင်ဖို့အကြွေမရှိတာကြောင့် ညီမဖြစ်သူဆီ အကြွေသွားယူရာမှာ ထိုင်းနိုင်ငံသားကလူလိမ်လို့စွပ်စွဲပြီး လိုက်လံထိုးကြိတ်ခဲ့ပြီး အဲ့ဒီဗီဒီယိုကို လူမှုကွန်ရက်ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ- ကျူးလွန်သူထိုင်းနိုင်ငံသားနဲ့ မြန်မာလုပ်သားတို့ကို ရဲစခန်းမှာတွေ့ရပုံ(ဓါတ်ပုံ-Ye Min facebook)







Comments