၁၁ နှစ်အရွယ်ကလေးမောင်းလာတဲ့ကားတိုက်မိပြီး ထိုင်းသံဃာ (၈) ပါးပျံလွန်တော်မူ
- BVJ

- Jul 6
- 1 min read
အီးကေ/BVJ_ ဇူလိုင် ၂၊ ၂၀၂၆

ဒီနေ့ ကြာသပတေးနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ မုခ်ဒဟန်ပြည်နယ်၊ မုအန်းခရိုင်အတွင်းမှာ ဘုရားဖူးကြွလာတဲ့သံဃာအဖွဲ့ကို ၁၁ နှစ်အရွယ် ကလေးတစ်ဦး မောင်းနှင်လာတဲ့ပစ်ကပ်ကားတစ်စီးကဝင်တိုက်မိခဲ့ပြီး သံဃာ(၈)ပါးပျံလွန်တော်မူသွားပါတယ်။ဒါ့အပြင် အခြားသံဃာ(၁၈)ပါးလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ Bangkok Post သတင်းဌာနမှာဖော်ပြထားပါတယ်။
အဲ့ဒီယာဥ်တိုက်မှုဟာ ဒီနေ့မနက် ၁၁နာရီ၅၅မိနစ်က နာစီနွမ်ရွာအနီးလမ်းမပေါ်မှာ သံဃာတွေကြွချီနေချိန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းသတင်းတွေအရ အဲ့ဒီသံဃာတွေဟာ ဥဘွန်ရတ်ချာသနီပြည်နယ်၊ နမ်ခွန်ခရိုင်ကနေကြွချီလာတာဖြစ်ပြီး မုခ်ဒဟန်ရှိ နာစီနွမ်စျေးနားရောက်ချိန်မှာ အခုလိုယာဥ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
သံဃာ(၅)ပါးဟာ နေရာမှာတင်ပျံလွန်တော်မူခဲ့ပြီး (၃)ပါးကတော့ မုခ်ဒဟန်ဆေးရုံမှာကုသမှုခံယူနေချိန်ပျံလွန်တော်မူခဲ့ပါတယ်။ ဒဏ်ရာရရှိထားတဲ့ (၁၈) ပါးအနက် (၁၃)ပါးမှာလည်းစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သံဃာတွေပျံလွန်တော်မူတဲ့အရေအတွက်နဲ့ ဒဏ်ရာရတဲ့သူအရေအတွက်အပြောင်းအလဲရှိနိုင်ပါတယ်။
အခုဝမ်းနည်းဖွယ်ကိစ္စမဖြစ်ပွားမီ သံဃာ(၃၄)ပါးပါဝင်တဲ့အဖွဲ့ဟာ ဝပ်ရွိုင်ဖရာဖွတ်ထာဘတ် ဖူးမနိုရົມဘုန်းတော်ကြီးကျောင်းမှာဆွမ်းဘုန်းပေးပြီးနောက် မုခ်ဒဟန်ရှိ ဒွန်တန်ခရိုင်ဘက်ကိုဆက်လက်ကြွချီလာကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ သံဃာတွေကိုတိုက်တဲ့ကားအမျိုးအစားဟာ အစ္စဇူး (Isuzu) အမျိုးအစားပစ်ကပ်ကားဖြစ်ပြီး ၁၁ နှစ်အရွယ်ခန့်ကလေးငယ်တစ်ဦးမောင်းနှင်လာတာဖြစ်ပါတယ်။
ကားကိုမောင်းနှင်လာတဲ့ကလေးဟာ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့သူလို့ သိရပြီး သူ့အဖေကားကိုခွင့်ပြုချက်မရှိဘဲခိုးယူမောင်းနှင်လာတာလို့သိရပါတယ်။ ပစ်ကပ်ကားဟာလမ်းကြောင်းသွေဖယ်ပြီး ရဟန်းတော်တွေအဖွဲ့ဆီကိုအရှိန်ပြင်းပြင်နဲ့ဝင်ရောက်တိုက်မိခဲ့တာကြောင့် ရဟန်းတော်များစွာထိခိုက်မှုဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာကလေးငယ်ကို မုအန်းခရိုင်ရဲစခန်းကိုခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပါတယ်။
ခရက်ဒစ် - Bangkok Post



Comments