ရွေးကောက်ပွဲအနိုင်ရသွားတဲ့ ထိုင်းဝန်ကြီးချုပ်အနုတင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေပြီ
- BVJ

- Feb 9
- 1 min read
အီးကေ/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

မနေ့က တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အနုတင် ချာန်ဝီရာကူးလ်ရဲ့ ကွန်ဆာဗေးတစ် ဘွန်ဂျိုင်ထိုင်းပါတီ က အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပြီးနောက် ဒီနေ့တနင်္လာနေ့မှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးမှုတွေလုပ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။
လက်ရှိနောက်ဆုံးထုတ်ပြန်ထားတဲ့ရလဒ်တွေအရ ဘွန်ဂျိုင်ထိုင်းပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ထဲက ၂၀၀နီးပါးအနိုင်ရရှိခဲ့ပြီး အခြားပါတီတွေထက်အများကြီးအသာစီးရခဲ့ပေမယ့် အပြတ်အသတ်အနိုင်ရရှိဖို့ အနည်းငယ်လိုအပ်နေပါသေးတယ်။
စစ်တမ်းတွေအရ နေရာအများစုအနိုင်ရမယ်လို့ခန့်မှန်ထားတဲ့ တိုးတက်တဲ့ အယူအဆရှိတဲ့ လူငယ်အများစုပါဝင်ပြည်သူ့ပါတီကတော့ အမတ်နေရာ ၁၀၀ ကျော်နဲ့ ဒုတိယနေရာမှာကျန်ရစ်ခဲ့ပြီး ထောင်ကျနေတဲ့ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီ (Pheu Thai)က တတိယနေရာမှာရှိနေပါတယ်။
ဖွေထိုင်းပါတီဟာ ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်တဲ့ အရှုပ်တော်ပုံတစ်ခုကြောင့် အာဏာလက်လွှတ်ခဲ့ရပေမယ့် အရင်က မဟာမိတ်ဟောင်းတွေဖြစ်ခဲ့တာကြောင့် အနုတင်အစိုးရမှာညွန့်ပေါင်းမိတ်ဖက် ဖြစ်လာနိုင်ပါတယ်။
ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ပြည်သူ့ပါတီ (People's Party) အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့စစ်တမ်းတွေကိုကျော်လွန်ပြီး သူ့ရဲ့ပါတီရရှိခဲ့တဲ့အောင်မြင်မှုဟာ ထိုင်းနိုင်ငံသားအားလုံးရဲ့အောင်ပွဲလို့ အနုတင်ကပြောပါတယ်။
မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကိုရေတွက်ပြီးချိန်မှာ အနူတင်ရဲ့ဘွန်ဂျိုင်ထိုင်းပါတီ (Bumatay Party)က အမတ်နေရာ ၅၀၀ရှိတဲ့ ဘန်ကောက်လွှတ်တော်မှာ ၁၉၄ နေရာအနိုင်ရရှိမယ်လို့ခန့်မှန်းရပြီး ပြည်သူ့ပါတီက ၁၁၆ နေရာနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။
ပြည်သူ့ပါတီခေါင်းဆောင် နတ်သဖုန်း ရောင်ပညာဝပ် (Natthaphong Ruengpanyawut)က အနုတင်ပါတီအနေနဲ့အစိုးရဖွဲ့နိုင်ပါက သူတို့ပါတီက အတိုက်အခံအဖြစ် တာဝန်ထမ်းဆောင်ဖို့အသင့်ရှိကြောင်းပြောကြားပြီး ရွေးကောက်ပွဲရလဒ်ကို လက်ခံတဲ့ပုံစံမျိုးထုတ်ပြောခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့တွေအကြိမ်ကြိမ်ပြိုကွဲခဲ့ပြီး သုံးနှစ်အတွင်းမှာဝန်ကြီးချုပ်သုံးဦးအထိပြောင်းလဲခဲ့ရတဲ့အခြေအနေတွေကြောင့် အခုရွေးကောက်ပွဲကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရွေးကောက်ပွဲတွေဟာ ခန့်မှန်းရခက်လေ့ရှိပြီး အခုတစ်ကြိမ်မှာလည်း ထင်မှတ်မထားတဲ့ရလဒ်ထွက်ပေါ်လာခြင်းဟာ လွန်ခဲ့တဲ့သုံးနှစ်ကထက်ပိုမိုကောင်းမွန်တဲ့ရလဒ်မျှော်လင့်ထားတဲ့ ပြည်သူ့ပါတီ (People's Party) အတွက် များစွာစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ခေတ်သစ်အယူအဆရှိတဲ့ လူငယ်ကိုယ်စားလှယ်လောင်းတွေကို ထိုင်းလူထုက "လိမ္မော်ရောင်လှိုင်း" (Orange Wave)အဖြစ်အလုံးအရင်းနဲ့ထောက်ခံကြလိမ့်မယ်လို့ အများစုကခန့်မှန်းခဲ့ကြပေမယ့်လက်တွေ့ဖြစ်မလာခဲ့ပါဘူး။
၂၀၂၃ခုနှစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမယ့်လည်း အာဏာရယူခွင့်ပိတ်ပင်ခံခဲ့ရတဲ့ပြည်သူ့ပါတီဟာ အနုတင်ပါတီရဲ့လက်တွေ့ကျတဲ့ ကွန်ဆာဗေးတစ်တွေ (Pragmatic Conservatives)ကြောင့် ဒုတိယနေရာရောက်ရှိသွားခဲ့ရပါတယ်။
အခုရွေးကောက်ပွဲရလဒ်အရ ပြုပြင်ပြောင်းလဲရေးသမားတွေဟာ လောလောဆယ်မှာ အတိုက်အခံအဖြစ်သာဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ တကယ်လို့ သူတို့ပြည်သူ့ပါတီသာအနိုင်ရခဲ့ပြီး အာဏာရယူခွင့်ထပ်မံအပိတ်ခံရပါက ဖြစ်ပေါ်လာနိုင်တဲ့နိုင်ငံရေးအကြပ်အတည်းကို အခုရွေးကောက်ပွဲရလဒ်က ရှောင်ရှားပေးလိုက်သလိုဖြစ်သွားပါတယ်။
ခရက်ဒစ်- Bangkok Post




Comments