ထိုင်း- ကမ္ဘောဒီးယား အပစ်ရပ်ဖို့သဘောတူ
- BVJ

- Jul 29, 2025
- 1 min read
BVJ/ ဂျိုး - ဇူလိုင် ၂၈၊ ၂၀၂၅

ထိုင်း- ကမ္ဘောဒီးယားနှစ်နိုင်ငံတိုက်ပွဲကို ဒီနေ့ည သန်းခေါင်ကနေစပြီး အပစ်ရပ်ဖို့အတွက် နှစ်နိုင်ငံဝန်ကြီးချုပ်တွေက သဘောတူညီမှုရယူလိုက်ပါတယ်။
နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးအတွက် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ အိမ်တော်မှာ ဒီနေ့ နေ့လယ်ကတွေ့ဆုံအပြီးမှာ အခုလိုသဘောတူညီချက်ရရှိခဲ့တာပါ။
နှစ်နိုင်ငံအပစ်ရပ်ရေးနဲ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးအတွက် မလေးရှားနိုင်ငံက ကြားဝင်ဖျန်ဖြေ စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အပစ်ရပ်ရေးအတွက် ထိုင်း- ကမ္ဘောဒီးယားနှစ်နိုင်ငံလုံးက ခြွင်းချက်မရှိသဘောတူလက်ခံခဲ့တာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခဟာ ဆယ်စုနှစ် တခုကျော်အတွင်း အဆိုးရွားဆုံး ပြင်းထန်တဲ့အခြေအနေဖြစ်လာပါတယ်။
ငါးရက်ကြာ တိုက်ပွဲအတွင်းနှစ်ဖက်အရပ်သားတွေအပါအဝင် သေဆုံးသူ အယောက် ၃၀ ကျော်အထိရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသက အရပ်သားနှစ်သိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။




Comments