top of page

ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုပြဿနာ သိထားသမျှ

  • Writer: BVJ
    BVJ
  • Jul 25
  • 1 min read

အေတီ/BVJ

ree

ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံကြားကာလရှည်ကြာဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွားမှုပြဿနာဟာ ကမ္ဘောဒီးယားဘက်က ဒုံးကျည်တွေနဲ့ပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၁၁ယောက်အထိသေဆုံးခဲ့သလို၊ထိုင်းဘက်ကလည်းတုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားရဲ့ စစ်ရေးပစ်မှတ်တွေကို နှစ်ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့အထိ အရှိန်မြင့်လာခဲ့ပါတယ်။


ဘယ်လိုစဖြစ်ခဲ့တာလဲ

ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံကြားနယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုပြဿနာက ဆယ်စုနှစ်တွေနဲ့ချီကြာခဲ့ပီဆိုပေမယ့် ကမ္ဘောဒီးယားစစ်သားတစ်ဦး မေလတုန်းကသေဆုံးခဲ့တဲ့ကိစ္စကနေ နှစ်နိုင်ငံအကြား နယ်စပ်မှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။


အဲ့ဒီကနေ နှစ်ဖက်အပြန်အလှန် လက်တုံ့ပြန်တဲ့အနေနဲ့ ထိုင်းဘက်က နယ်စပ်ဖြတ်ကျော်မှုတွေကို ကန့်သတ်ပိတ်ပင်ခဲ့သလို ကမ္ဘောဒီးယားဘက်ကလဲ သွင်းကုန်အချို့ကို ရပ်ဆိုင်းခဲ့ပါတယ်။


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ် နမ့်ယွမ်ခရိုင်ထဲမှာ ဇူလိုင်၂၃ ရက်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကင်းလှည့်လာတဲ့ထိုင်းစစ်တပ် တပ်သား၅ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။


ကမ္ဘောဒီးယားဘက်က တိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ထိုင်းဘက်အချမ်းက ကျဆုံးမှုအခြေအနေကို ထုတ်ပြောပေမယ့် ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ဘက်က ကျဆုံးမှုအခြေအနေကို ထုတ်မပြောပါဘူး။


ဘာတွေဖြစ်ခဲ့ပြီလဲ

ဇူလိုင်၂၄ရက်နေ့မှာ ကမ္ဘောဒီးယားဘက်က ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်တာကြောင့် လတ်တလောပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်ကလဲ တုန့်ပြန်တဲ့အနေနဲ့ F-16 တိုက်လေယာဥ်တွေနဲ့ ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်နှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။


ကမ္ဘောဒီးယားဘက်ကပစ်လိုက်တဲ့ အမြောက်ကျည်ဆံက ထိုင်းနိုင်ငံဘက်က အိမ်တအိမ်ကိုထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့သလို ၃ဦးဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာ ၅နှစ်အရွယ် ကလေးငယ်တစ်ဦးလဲပါပါတယ်။


ထိုင်းနိုင်ငံ နယ်စပ် ဆူရင်ခရိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံနယ်စပ် Oddar Meanchey တို့ ကြားက ဘုန်းကြီးကျောင်းနှစ်ခုအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးက တဖက်နဲ့တဖက် အပြန်အလှန် အပြစ်တင်ကြပါတယ်။


နေအိမ်တွေ၊ အရပ်ဘက်အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက် ခိုက်တယ်လို့ ကမ္ဘောဒီးယားကို စွပ်စွဲကာ လူမဆန်ရက်စက်ကြမ်းကြုတ်ပြီး စစ်လိုလားနေတဲ့သူတွေလို့ ထိုင်းဘက်က စွပ်စွဲရှုတ်ချပါတယ်။


သံတမန်ရေး အခြေအနေ

မြေမြုပ်မိုင်းကြောင့် ထိုင်းစစ်သားတွေ ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် ကမ္ဘောဒီးယားသံအမတ်ကို ထိုင်းနိုင်ငံထဲက မောင်းထုတ်ခဲ့သလို၊ကမ္ဘောဒီးယားမှာရှိတဲ့ သူတို့သံအမတ်ကိုလဲ ထိုင်းဘက်က ပြန်ခေါ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း အထက်ပါ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။


ဖနွမ်းပင်ရှိ ထိုင်းသံရုံးက အရေးတကြီးအကြောင်းပြချက်မရှိဘူးဆိုရင် ထိုင်းနိုင်ငံသားတွေအားလုံး ကမ္ဘောဒီးယားနိုင်ငံအတွင်းက အမြန်ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေး ပေါ်အစည်းအဝေးတစ်ရပ်ခေါ် ပြီး ထိုင်းနဲ့ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုဖြစ်နေတာကို ဝင်ရောက်ဖြေရှင်းပေးဖို့ ဇူလိုင် ၂၄ ရက်က တောင်းဆိုထားပါတယ်။


ကမ္ဘောဒီးယားရဲ့ အနီးကပ်မဟာမိတ် တရုတ်က တိုက်ပွဲတွေဖြစ်ပွားနေမှုကို “အလွန်စိုးရိမ်မိတယ်” လို့ပြောပြီး တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုထားပါတယ်။


အာဆီယံ လက်ရှိဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား တိုက်ပွဲတွေအမြန်ရပ်တန့်ဖို့တောင်းဆိုထားပါတယ်။


ထိုင်းနိုင်ငံရေးအကျပ်အတည်း

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုကနေ ထိုင်းနိုင်ငံပြည်တွင်း နိုင်ငံရေးအကျပ်အတည်းအထိ ဖြစ်ပေါ်စေခဲ့ပြီး ၀န်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် ကျင့်ဝတ်ဆိုင်ရာစုံစမ်းစစ်ဆေးခံရတဲ့အထိဖြစ်လာခဲ့သလို အဲ့ဒီကနေ ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရတဲ့အထိကြုံခဲ့ရပါတယ်။


ကမ္ဘောဒီးယားနိုင်ငံကို ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင် မစ္စတာဟွန်ဆန်ကို ပေတုန်တန်က ဖုန်းခေါ်ဆိုပြောကြားမှုကနေ ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ခံရတဲ့အထိဖြစ်လာခဲ့ပါတယ်။


ဟွန်ဆန်နဲ့ ပေတုန်တန်တို့နှစ်ဦး ဖုန်းပြောတဲ့အသံ ကမ္ဘောဒီးယားဘက်က ဇွန်လတုန်းက ပေါက်ကြားလာခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ပေတုန်တန် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ရင်ဆိုင်ရတဲ့အထိ ကြုံခဲ့ရပါတယ်။


ကမ္ဘောဒီးယားစစ်မှုထမ်းဥပဒေ

ကမ္ဘောဒီးယားက ၂၀၂၆ ခုနှစ်ထဲမှာ အရပ်သားတွေကိုပါ စစ်မှုထမ်းခိုင်းတာတွေ စတင်တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။အထက်ပါ ကြေညာချက်ဟာ ကာလကြာရှည် အသက်သွင်းဖို့ ကြိုးစားနေတဲ့ စစ်မှုထမ်းဥပဒေမူကြမ်းကို အသက်ဝင်အောင်လုပ်မယ့် သဘောလို့ ယူဆရပါတယ်။


စစ်မှုထမ်းဥပဒေ မဖြစ်မနေ အသက်သွင်းရမယ်ဆိုတာကို ထိုင်းနိုင်ငံနဲ့ ဆက်ရေး တင်းမာ မှုအခြေအနေကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အကြောင်းပြပါတယ်။ကမ္ဘောဒီးယားရဲ့ စစ်မှုထမ်းဥပဒေဟာ ၂၀၀၆ ခုနှစ်ကတည်းက အတည်ပြုနိုင်ခဲ့ပေမယ့် အခုအချိန်ထိ လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိသေးပါဘူး။


အသက်၁၈နှစ်ကနေ ၃၀ကြား နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့စာရင်းသွင်းဖို့လိုအပ်ပြီး တပ်သား ၂သိန်းထိ တိုးမြှင့်စုဆောင်းသွားဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အဆိုတင်သွင်းထားပါတယ်။


Ref- The Straits Times

ပုံစာ- Chachoengsao ခရိုင်အတွင်းမှာ ထိုင်းစစ်တပ် ကင်းလှည့်နေစဥ်


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page