ပုဂ္ဂလိကကျောင်းတွေမှာ CDMဆရာ၊ဆရာမတွေမခန့်နိုင်အောင် စစ်အစိုးရစီစဉ်
- BVJ

- 3 days ago
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၁၅၊ ၂၀၂၆

မြန်မာပြည်တွင်းက ပုဂ္ဂလိကကျောင်းတွေမှာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးတိုးတက်လာစေဖို့ဆိုပြီး လာမယ့်နှစ်ကစကာ စစ်အုပ်စုပညာရေးဝန်ကြီးဌာနကပုဂ္ဂလိကကျောင်းသင်ဆရာ၊ဆရာမတွေကို ကိုးလသင်တန်းပေးဖို့လုပ်ဆောင်နေပြီး အဲ့ဒီသင်တန်းတက်ရောက်ပြီးသူတွေကိုသာ Green Card ထုတ်ပေးမယ်လို့သိရပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုဘက်ကပုဂ္ဂလိက ဆရာ၊ဆရာမတွေကို Green Cardဆိုတဲ့ ဆရာ၊ဆရာမဖြစ်ကြောင်းသက်သေခံလက်မှတ်ကိုမဖြစ်မနေကိုင်ဆောင်ဖို့ ပုဂ္ဂလိကကျောင်းတွေကိုဖိအားပေးမှုတွေရှိနေတယ်လို့ ရန်ကုန်က International School(IS)ကျောင်းတစ်ကျောင်းမှာသင်ကြားနေတဲ့ ဆရာမတစ်ဦးက Burma VJကိုပြောပါတယ်။
"အဲ့ဒီ Green Cardက သူတို့မနှစ်ထဲကစလုပ်နေတာ။ ဒီကျောင်းမှာ ဘယ်သူတွေသင်နေပါတယ်။ ဆရာဘယ်လောက်၊ ဆရာမဘယ်လောက်ဆိုတာမျိုး ကိုယ်ရေးအချက်အလက်တွေအကုန်သူတို့ဆီတင်ပြရတယ်။ ကဒ်မှာ ကိုယ့်ရဲ့IDတွေအကုန်ဖော်ပြထားရတယ်။ အဓိက ကတော့သူတို့က CDMတွေကိုကြပ်ချင်တာ။ IS၊ ပုဂ္ဂလိကကျောင်းတွေမှာ CDMဆရာ၊ဆရာမတွေသင်လို့မရအောင် ခန့်လို့မရအောင်လုပ်တာ။ ၉လသင်တန်းဆိုတာလည်း သူတို့အစိုးရဝန်ထမ်းတွေကိုပေးတဲ့ ဖောင်ကြီးသင်တန်းလိုမျိုးပါပဲ"လို့ ဆရာမကပြောပါတယ်။
စစ်အစိုးရပညာရေးဝန်ကြီးအပါအဝင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နဲ့ပုဂ္ဂလိကကောလိပ်တွေ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းတွေ၊ အမျိုးသားသင်ရိုးသင်ကျောင်းတွေရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲကို အခုလ ဇူလိုင် ၁၃ရက်မှာ နေပြည်တော်မှာပြုလုပ်ခဲ့ပါသေးတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီးဌာနရဲ့ကြီးကြပ်မှုအောက်မှာရှိတဲ့ အချို့ပုဂ္ဂလိကကျောင်းတွေအနေနဲ့ သတ်မှတ်စံနှုန်းတွေကိုက်ညီမှုမရှိတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားကြဖို့၊ ကျောင်းအင်္ဂါရပ်နဲ့စံချိန်စံညွှန်း အသစ်တွေအတွက် ပြင်ဆင်ဖို့အခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ်သတ်မှတ်ပေးထားပြီး ကျောင်းတွေအနေနဲ့ လာမယ့်နှစ်မှာကြိုတင်ပြင်ဆင်မှုတွေပြီးစီးနေရမှာဖြစ်ကြောင်းနဲ့ ကျောင်းဖွင့်လှစ်ချိန်မှာသတ်မှတ်ထားတဲ့ စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာအကျယ်အဝန်းတွေကိုက်ညီဖို့လိုအပ်တယ်လို့ မှာနေတာကိုတွေ့ရပါတယ်။
ပြီးတော့ လာမယ့်နှစ်တွေမှာ နှစ်ချိန်စနစ်နဲ့သင်ကြားတာကိုလက်ခံမှာမဟုတ်သလို နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင်ကျောင်းတွေက ကျောင်းသား၊ကျောင်းသူတွေအနေနဲ့လည်း ပြည်ပတက္ကသိုလ်တွေကိုမသွားဘဲ ပြည်တွင်းရှိတက္ကသိုလ်မှာ ဝင်ခွင့်ဖြေဆိုလျှောက်ထားနိုင်ဖို့စီစဉ်နေတယ်ဆိုပြီး စစ်အစိုးရရဲ့ပညာရေးဝန်ကြီးကပြောပါတယ်။




Comments