top of page

သပိတ်ကျင်းကို အလုံးစုံလက်မလွှတ်ရသေးဘူးလို့ မြေပြင်တိုက်ပွဲဝင်နေသူတွေ အတည်ပြု

  • Writer: BVJ
    BVJ
  • Jul 24
  • 1 min read

BVJ/မိုနာ_ ဇူလိုင် ၂၃၊ ၂၀၂၅

ree

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေလက်လွှတ်လိုက်ရပြီး စစ်ကောင်စီတပ်က မြို့တွင်းပြန်လည်ဝင်ရောက်နေရာယူနေပြီလို့ သတင်းတွေထွက်ပေါ်နေသလို စစ်ကောင်စီဘက်ကလူတွေကလည်း လူမှုကွန်ယက်မှာဓာတ်ပုံတွေတင်နေကြတာတွေ့ရပါတယ်။


သပိတ်ကျင်းကို တော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာ တစ်နှစ်နီးပါးရှိနေပြီး မနေ့က ဇူလိုင်၂၂ရက် ညပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းက မြို့တွင်းကိုထိုးဖောက် ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။


“ဖော့တောလမ်းဆုံနားကပ်နေပြီ။ အလွန်ဆုံးလေးမိုင်လောက်ပဲ ဝေးတော့မယ်”လို့ သပိတ်ကျင်းလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မြေပြင်မှာရှိနေသူတစ်ဦးက ဒီနေ့ နေ့လယ်က ပြောပါတယ်။


ဒီအခြေအနေ နဲ့ပတ်သက်ပြီး လက်ရှိမြေပြင်မှာတိုက်ပွဲဝင်နေသူတစ်ဦးက သပိတ်ကျင်းကို စစ်ကောင်စီက အလုံးစုံ ပြန်လည်မထိန်းချုပ်နိုင်သေးဘူးလို့ Burma VJကို အတည်ပြုပါတယ်။


“တော်လှန်ရေးတပ်တွေထိန်းထားနိုင်သေးတဲ့ သပိတ်ကျင်းနယ်မြေအများကြီးကျန်ပါသေးတယ်လို့တော့ ပြောပါရစေခင်ဗျ”

ree

စစ်အုပ်စုထောက်ခံသူတွေရဲ့ ချန်နယ်တွေမှာတော့ သပိတ်ကျင်းက မြို့ဦးတောင်ဘုရားကုန်း၊ ပြည်သူ့ဆေးရုံ၊ မြို့တော်ခန်းမအပါအဝင် မြို့တွင်းကနေရာအများစုကို စစ်ကောင်စီက မနေ့ကည ၇နာရီကျော်မှာ သိမ်းပိုက်ထိန်းချုပ်ပြီလို့ ဓါတ်ပုံတွေနဲ့အတူ ဖော်ပြနေကြပါတယ်။


ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA အထွေထွေအတွင်းရေးမှုး ရဲဘော်နီနီကျော်က "သပိတ်ကျင်းကနေ မိုးကုတ်သွားတဲ့လမ်းတလျောက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်ရှိတယ်။ ၇မိုင်၊ ကျောက်ကြီးတို့မှာလည်း ကျမတို့PLAတပ်တွေရှိတယ်။ သပိတ်ကျင်းကတော့ နဂိုထဲကိုကရပ်ကွက် ၂ခုလောက်ပဲရှိတယ်ဆိုတော့ အဲ့မှာလည်းစစ်တပ်ကသိပ်မရှိဘူး။ အပြင်ဘက်မှာပဲ တပ်တွေကရှိတာဆိုတော့ အဲ့ဘက်တွေမှာလည်း အကုန်ဝိုင်းပြီးပိတ်ဆို့ထားတာဖြစ်တဲ့အတွက် အရမ်းတော့စိတ်ပူစရာမရှိပါဘူး”လို့ Burma VJကို ပြောပါတယ်။


အလားတူပဲ ဒေသခံတစ်ဦးကလည်း မြို့ကိုပေးထားရတာမှန်ပေမယ့် တော်လှန်‌ရေးတပ်တွေက စစ်ရေးအရဆုတ်ခွာပြီး တဖက်ကနေပြန်တိုက်ယူမယ့်အခြေအနေမျိုးရှိနေတာကြောင့် တိုက်ပွဲတွေဖြစ်နေဆဲလို့ ပြောပါတယ်။


သပိတ်ကျင်းလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြင်ဦးလွင်ခရိုင်ပကဖကိုလည်း Burma VJက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုတာမျိုးမရှိသေးပါဘူး။

ree

သပိတ်ကျင်းမြို့ကို ၂၀၂၄၊ ဩဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်က PDFတပ်တွေနဲ့ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


အခုလ ၁၇ရက်ကတော့ မန္တလေးမြို ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော(၅)စီးပါသင်္ဘောအုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲတွေပူးပေါင်းပြီး မတ္တရာမြိုနယ် ၊ စဉ့်ကူးမြိုနယ်နဲ့ သပိတ်ကျင်းမြိုနယ်တို့ရဲ့ မြစ်ကြောင်းတလျှောက် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းကို မန္တလေး-PDFက ထုတ်ပြန်ထားပါသေးတယ်။


ဓါတ်ပုံ-၂၀၂၅၊ ဇူလိုင် ၁၇ရက်တွင် MDY-PDFက မြစ်ကြောင်းဖြတ်တောက်တိုက်ခိုက်ရေးပြုလုပ်နေပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page