top of page

ခံစစ်နဲ့အချိန်ယူပြင်ဆင်ပြီးမှ တန်ပြန်တိုက်စစ်နဲ့ သပိတ်ကျင်းကိုပြန်သိမ်းယူခဲ့တယ်လို့ စစ်ကောင်စီကြေညာ

  • Writer: BVJ
    BVJ
  • Jul 25
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၂၅၊ ၂၀၂၅

ree

တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊သပိတ်ကျင်းမြို့ကို တနှစ်နီးပါးအကြာ အခုလ ၂၃ရက်မှာ ပြန်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီက မနေ့ကကြေညာပါတယ်။

 

သပိတ်ကျင်းကို အရင်ကလက်မလွှတ်ရဖို့အတွက် အပြင်းအထန်ခုခံခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများလာသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အင်အားအဆမတန်များလာတာတွေကြောင့် ကြားခံစစ်အဆင့်ဆင့်နဲ့ဆုတ်ခွာပြီး ၇မိုင်ကျေးရွာနားက နယ်မြေခံတပ်ရင်းဌာနချုပ်မှာ မဆုတ်တမ်းခံစစ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကိုခံစစ်ဆင်နွှဲနေရင်း ထိုးစစ်အရှိန်လျော့သွားအောင် အချိန်ယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ree

အဲ့ဒီနောက် တဖက်ကထိုးစစ်တွေရပ်သွားတဲ့အချိန်မှာ တန်ပြန်တိုက်ခိုက်နိုင်ရေးအတွက် လိုအပ်တဲ့စစ်ရေး ပြင်ဆင်မှုဆိုင်ရာကိစ္စရပ်တွေကို  လေကြောင်းထောက်ပံ့ ပို့ဆောင်ရေးစနစ်နဲ့ အချိန်ယူဆောင်ရွက်ခဲ့ပြီး လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကြည်း၊ရေ၊လေ တပ်တွေပေါင်းပြီး မြေပြင်/ဝေဟင်/ရေပြင် ဟန်ချက်ညီပေါင်းစပ်ပြီး ထိုးစစ်ဆင်ပြန်သိမ်းပိုက်ခဲ့တယ်လို့ စစ်ကောင်စီကဖော်ြပပါတယ်။

 

စစ်ကောင်စီထုတ်ပြန်ကြေညာချက်အရ သပိတ်ကျင်းမြို့နယ်အတွင်း တပ်ရင်းဌာနချုပ်ပတ်ဝန်းကျင်ကို စပြီးနယ်မြေရှင်းလင်းရာကနေ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့အတွင်းက ၆မိုင်ကျေးရွာကို ဇွန်လ ၃၀ရက်က၊ ဇူလိုင် ၅ရက်မှာ ၅ မိုင်ကျေးရွာ၊ ဇူလိုင် ၁၇ရက်မှာ ၄ မိုင်ကျေးရွာနဲ့ တာဝါတိုင်ကုန်းတို့ကို ပြန်သိမ်းပိုက်ခဲ့ပြီး အခု ၂၃ရက်မှာ သပိတ်ကျင်းမြို့ကို အလုံးစုံသိမ်းပိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ဆင်ရေး ၁၁လ ကြာခဲ့ပြီး အဲ့ဒီအတွင်းမှာ တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၅ ကြိမ်နဲ့ ရန်သူ့ အလောင်း ၅၁ လောင်း၊ လက်နက်မျိုးစုံ ၁၁၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းပိုက်ရရှိခဲ့ပြီး သပိတ်ကျင်းမြို့ပေါ်နေရာနဲ့ ပြည်သူ့ဆေးရုံကြီး၊ မြို့မရဲစခန်း၊ မြို့နယ်ခန်းမတွေနဲ့ရိုက်ကူးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓါတ်ပုံတွေကို ဖော်ပြလာပါတယ်။

 

ree
ree

သပိတ်ကျင်းမြို့ကို စစ်ကောင်စီကပြန်သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် Burma VJက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သပိတ်ကျင်းမြို့နယ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိသလို ပြင်ဦးလွင် ပကဖကတော့ သပိတ်ကျင်းမြို့နဲ့ပတ်သက်ပြီးဖြေဆိုခွင့်မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီလို့ ကြေညာထားတဲ့ ၂၃ရက်မှာတော့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူကြောင်း သပိတ်ကျင်းမြို့နယ် ပကဖရဲ့ ပေ့ချ်မှာ ဖော်ပြထားပါတယ်။

 

ree
ree

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ မိတ်ဖက်မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီကတန်ပြန်ထိုးစစ်ဆင်နေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်းကို မန္တလေးPDFတပ်ဖွဲ့ကလည်း မနေ့က ညပိုင်းမှာအသိပေးလာပါတယ်။

 

အခုလ ၂၁ရက်ကနေ ၂၄ရက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ နယ်မြေရှင်းလင်းမှုတွေမှာအတွင်းမှာ လက်နက်ခဲယမ်းအချို့နဲ့ DSA စစ်တက္ကသိုလ်အပတ်စဉ်(၅၄)ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ)နဲ့ နောက်ထပ်စစ်ကောင်စီတပ်ဖွဲဝင် (၆)ဦးရဲ့ ရုပ်အလောင်းကို ရရှိခဲ့တယ်လို့လည်း မန္တလေးPDFထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ပုံစာ-သပိတ်ကျင်းမြို့ကိုပြန်လည်သိမ်းယူပြီးနောက် စစ်ကောင်စီဖော်ပြလာသောဓါတ်ပုံများ(ဓါတ်ပုံ-CINCDS)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page