ICJအမိန့်ချမှတ်မှုမှာ ရိုဟင်ဂျာတွေလုံခြုံစွာနေရပ်ပြန်လည်စုစည်းရေး အပြင် လျော်ကြေးပေးဖို့လည်းပါဝင်

BVJ_ နိုဝင်ဘာ ၁၉၊ ၂၀၂၆

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း "ရှင်းလင်းရေး စစ်ဆင်ရေး" ကာလအတွင်း မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချမှတ်လိုက်ပါတယ်။
ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကိုချိုးဖောက်တာဖြစ်တယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။
ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့အမိန့်တွေနဲ့ တောင်းဆိုချက်တွေကတော့ -
•စာချုပ်ပါ တာဝန်များကို အပြည့်အဝ အသက်ဝင်စေမယ့် ဥပဒေတွေ ပြဋ္ဌာန်းခြင်းဖြင့် လက်ရှိ ချိုးဖောက်နေမှုတွေကို ရပ်တန့်ရန်။
•စာချုပ်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ကျိုးကြောင်းဆီလျော်စွာ သံသယရှိရသူအားလုံးကို ချက်ချင်း ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး လိုအပ်သလို တရားစွဲဆို အပြစ်ပေးရန်။
•နောင်တွင် အလားတူ ချိုးဖောက်မှုတွေ ထပ်မံမဖြစ်ပွားစေရန် အာမခံချက်ပေးရေးနဲ့ တားဆီးပေးရေး လုပ်ဆောင်ရန်။
•မြန်မာနိုင်ငံအတွင်းမှာပဲဖြစ်စေ၊ နိုင်ငံရပ်ခြားမှာပဲဖြစ်စေ မတရား နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ မိမိတို့ရဲ့ မူလနေရာတွေဆီ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိနဲ့ မိသားစု ပြန်လည်စုစည်းနိုင်ရေး အပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန်။
•ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် နစ်နာကြေးနဲ့ လျော်ကြေးတွေ ပေးအပ်ရန်။

လျော်ကြေးငွေ ပမာဏနဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ နောင်လာမယ့် တရားရင်ဆိုင်မှု အဆင့်တွေမှာ ဆက်လက် ဆုံးဖြတ်သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ ယခုစီရင်ချက် ထွက်ပေါ်ပြီးနောက် နှစ်နှစ်အတွင်း ပြန်လည်ထူထောင်ရေးနဲ့ လျော်ကြေးဆိုင်ရာ အစီရင်ခံစာကို တရားရုံးဆီ တင်သွင်းရမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အတူလက်တွဲ လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ကို လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်အောင် တားဆီးရမယ့် တာဝန်၊ စာချုပ်ပါ အခြားပြစ်မှုတွေကို အပြစ်ပေးအရေးယူရမယ့် တာဝန်နဲ့ ဥပဒေပြဋ္ဌာန်းရမယ့် တာဝန်တွေကို မြန်မာနိုင်ငံအနေနဲ့ ချိုးဖောက်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်လူသိရှင်ကြားလှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ တရားရုံးကပယ်ချခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တရားရုံးထုတ်ပြန်ခဲ့တဲ့ကြားဖြတ်အမိန့်အရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေမပျောက်ပျက်အောင် ထိန်းသိမ်းရမယ့်တာဝန်ကိုလည်း မြန်မာနိုင်ငံကဖောက်ဖျက်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။




Comments