သပိတ်ကျင်းနဲ့မိုးကုတ်အစပ် ပိုးဇာရွာဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ၁၅နှစ်အောက် ကလေး ၅ ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံး
- BVJ

- Jul 15
- 1 min read
အေတီ/BVJ_ ဇူလိုင် ၁၄၊ ၂၀၂၅

စစ်ကောင်စီက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ မိုးကုတ်မြို့အစပ်က ပိုးဇာရွာလီဆူးဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်၁၅နှစ်အောက် ကလေး၅ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ဒါ့အပြင် အသက်၇၀အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေးမြို့၊ တံတားဦးလေတပ်က တက်လာတဲ့ K 8W အမျိုးအစား Jet Fighter တိုက်လေယာဉ်ဟာ ဒီကနေ့ ညနေ ၅နာရီ ၁၅မိနစ်လောက်မှာ ပိုးဇာရွာဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ မွေးကင်းစကနေ တစ်နှစ်သား ကလေးငယ်တစ်ဦးပါဝင်ပြီး၊ ဒေါ်ဟွမ်မဆီး(၄၅)နှစ်၊ မသောင်းမီးသား(၁၄)နှစ်၊ မသောင်းမလေး(၁၁)နှစ်၊ မောင်သောင်းစာ(၁)နှစ်တို့ဟာ တမိသားစုထဲကဖြစ်ပါတယ်။ အသက်၁၄နှစ် မဟဲဘိုမီးနဲ့ အသက်၁၂နှစ် မနောမစာတို့ဟာ အလည်လာတဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီက မိုးကုတ်နဲ့ သပိတ်ကျင်းနယ်ထဲက အရပ်သားတွေကိုပစ်မှတ်ထားကာ နေ့စဉ်နီးပါး ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဇူလိုင် ၁၃ရက်ညပိုင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးသူငယ်တွေအပါအဝင် မြို့ခံရှစ်ဦးထက်မနည်းဒဏ်ရာရပြီး အိုးအိမ်တွေပျက်စီးခဲ့ပါသေးတယ်။
ဇူလိုင်၉ရက် ညဦးပိုင်းမှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း တောင်ကချင်ရပ်ကွက်ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀နှစ်ကျော် ညီအကိုကလေးနှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရ၊ အိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။







Comments