အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းဗုံးကြဲခံရမှုအတွင်း ကျောင်းသူသမီးလေးနှစ်ယောက် သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူပြောပြ
- BVJ

- May 19, 2025
- 1 min read
BVJ_ မေ ၁၉၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို အခုလ ၁၂ရက် မနက် ၉း၃၆နာရီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း ကျောင်းသူ သမီးလေးနှစ်ယောက် သေဆုံးသွားခဲ့ရတဲ့အကြောင်းကို မိခင်ဖြစ်သူကပြောပြထားတာပါ။
သားသမီး သုံးယောက်ရှိတဲ့အထဲမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သမီးနှစ်ယောက်ဆုံးရှုံးသွားခဲ့တာဖြစ်ပြီး သမီးတွေကို အင်္ကျီလေးမြင်မှသာ မှတ်မိခဲ့တာလို့ လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းကို မိခင်ဖြစ်သူကပြောပြထားတာပါ။
“သမီးနှစ်ယောက်လုံးကို အင်္ကျီလေးမြင်မှမှတ်မိတာပါ။ အငယ်မကိုလည်း အင်္ကျီလေးမြင်မှမှတ်မိတာပါ။ ဟိုလိုဆိုလို့ရှိရင်ကတော့ ဘယ်လိုမှကို မှတ်မိစရာအကြောင်းကိုမရှိဘူး စုတ်ပြတ်သတ်နေတာ...သူတို့လုပ်သမျှတွေ ကျုပ်တို့က ခံနေရတာပါ”
ဒီကလေးတွေဘာမှမသိပါဘူး။ ဒီကလေးတွေက သူတို့ကိုတော်လှန်ဖို့ စာသင်ခဲ့တာလည်း မဟုတ်ပါဘူး။ သူတို့ကိုတော်လှန်ဖို့ ကျုပ်တို့ကကျောင်းထားတာ မဟုတ်ပါဘူး။ ကျုပ်တို့ရှေ့ရေးတွေအတွက် ကျုပ်တို့လုပ်မှစားရမှာမို့ ဒီကလေးတွေလုပ်ကျွေးမှစားရမှာမို့ ကျုပ်တို့ကကျောင်းထားခဲ့တာပါ”
သမီးနှစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူကို CDMကထိက ဆရာမဒေါ်ရတီအုန်းက တွေ့ဆုံမေးမြန်းပြီး သူ့ရဲ့လူမှုကွန်ရက်(Facebook)မှာ ဒီနေ့ မတ် ၁၉ရက် ညပိုင်းက ဖော်ပြလာပါတယ်။
အခုလေကြောင်းတိုက်ခိုက်မှုဟာ သူတို့လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်ကဝါဒဖြန့် ငြင်းဆိုထားပါတယ်။
အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၁၀၂ယောက်ရှိခဲ့ပြီး အဲ့ဒီထိခိုက်ဒဏ်ရာရကျောင်းသား၊ ကျောင်းသူတွေထဲက မေလ ၁၃ရက်နဲ့၁၄ရက်တို့မှာ အသက် ၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ အသက် ၁၁နှစ်အရွယ် ကျောင်းသူတစ်ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် စေတနာ့ဝန်ထမ်းဆရာမနှစ်ယောက် အပါအဝင် သေဆုံးသူ ၂၄ယောက်အထိ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီလေကြောင်းဗုံးကြဲမှုအတွင်းမှာ စစ်ကောင်စီက ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံး (Cluster)ကိုအသုံးပြုခဲ့တာဖြစ်ပြီး မနက်ပိုင်းလေကြောင်းဗုံးကြဲအပြီး ညပိုင်းမှာလည်းထပ်လာကြဲခဲ့တယ်လို့ သိရပါတယ်။







Comments