စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ရှစ်ဦး တန့်ဆည်မှာသေဆုံး
- BVJ

- Sep 30
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၆၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကံထူးမကျေးရွာကို ဒီကနေ့ မွန်းလွဲပိုင်း ၁၂ နာရီကျော် လောက်မှာ စစ်ကောင်စီကဗုံးကြဲခဲ့တာကြောင့် အရပ်သားရှစ်ဦးသေဆုံးပြီးတော့ တစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက ကံထူးမကျေးရွာအနီးက ဓာတ်ဆီဆိုင်ကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ဗုံးကြဲချသွားတာဖြစ်ပြီး အမျိုးသားခြောက်ဦးနဲ့အမျိုးသမီး နှစ်ဦးသေဆုံးသွားတာဖြစ်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံတစ်ဦးက Burma VJကိုပြောပါတယ်။
“ဒီနေ့ ၁၁နာရီလောက်မှာ နိုဘယ်ဝမ်းပန့်ဆိုင်နဲ့ ဇွဲထက်အအေးဆိုင်ကြားကိုလာပြီးတော့ ပေါင်၅၀၀နှစ်လုံး ကြဲချခဲ့တာ။ သေဆုံးတာကရှစ်ဦး ဒဏ်ရာရတာ ၁၂ ဦးပါ။ နိုဘယ်ဝမ်းပန့်ဆိုင်ပိုင်ရှင် သမီးတစ်ဦး၊ ကုန်စျေးသယ် အမျိုးသမီးတစ်ဦး နဲ့ အသက် နှစ်ဆယ် ဝန်းကျင်ပန်းရံသမား ခြောက်ဦးသေသွားတယ်ဗျ"
လက်ရှိမှာတော့ ဗုံးကြဲချခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားသူ ၁၂ဦးထဲက သုံးဦးလောက်မှာအသက်အန္တရာယ်စိုးရိမ်ရတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

လက်ရှိဗုံးကြဲခံရတဲ့ ကံထူးမရွာအပါအဝင် အနီးအနားတိုက်ပွဲဖြစ်တစုံတရာဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီကအရပ်သားတွေကို ဦးတည်ဗုံးကြဲသွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး စစ်ကြောင်းထိုးတာလည်းမရှိဘူး။ ဒီအတိုင်းကိုလာပြီးတော့ ဗုံးကြဲသွားတာ။ တိုက်ပွဲဖြစ်လို့ စစ်ကြောင်းထိုးလို့ချတာဆိုရင် ကျနော်တို့လက်ခံလို့ရသေးတယ်။ ဘာမှမဖြစ်ပဲနဲ့ အခုလို ကြဲချသွားတာတော့ တော်တော်လွန်လွန်းပါတယ်။ အခုထိခိုက်သေဆုံးသွားတာလည်းပန်းရံသမားတွေ မိန်းကလေးတွေဆိုတော့လေ ကျနော်တို့အနေနဲ့ စစ်ကောင်စီကိုဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး”လို့ တန့်ဆည်ပြည်သူ့လုံခြုံရေး တာဝန်ခံကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီက တိုင်းနဲ့ပြည်နယ်အနှံ့ကလူနေအဆောက်အဦးတွေ စာသင်ကျောင်းတွေ စျေးတွေနဲ့ ဆေးရုံတွေကိုဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း မကြာခဏဆိုသလိုရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေက ပြောဆိုထားကြပါတယ်။
ပုံစာ-စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့တဲ့ ထိခိုက်သေဆုံးပျက်ဆီးသွားတဲ့နေရာအားတွေ့ရစဉ်။
ဓာတ်ပုံ -ပေးပို့







Comments