ကံထူးမရွာဆေးရုံ ညသန်းခေါင်ဗုံးကြဲခံရပြီး အရပ်သား ၆ ဦးသေဆုံး
- BVJ
- 24 hours ago
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကံထူးမရွာရှိ ဆေးရုံနဲ့ကားပြင်ဆိုင်ကို စစ်အုပ်စုက ညသန်းခေါင်အချိန်မှာ နှစ်ကြိမ်တိုင်ဗုံးကြဲသွားတာကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၄ရက်မနက်အစောပိုင်း ၁၂နာရီကျော်မှာ ဆေးရုံကိုဗုံးကြဲသွားတာဖြစ်ပါတယ်။
“အချိန်ခြားပြီး နှစ်ကြိမ်ကြဲသွားတာ။ ဆေးရုံကဓါတ်မှန်ခန်းထိသွားတယ်။ သေဆုံးသူရောထိခိုက်ဒဏ်ရာရရောရှိတယ်။ ကားဘော်ဒီရုံကလူတွေလည်းထိကြတယ်။”လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိနေပြီး လက်ရှိမှာတော့အတိအကျ မသိရသေးပါဘူး။
ကံထူးမရွာကဆီပန့်ဆိုင်ကို စစ်အုပ်စုဟာပြီးခဲ့တဲ့လ စက်တင်ဘာ ၂၆ရက်မှာလည်း လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၂ဦးသေဆုံးခဲ့ပါသေးတယ်။



