စစ်တပ်ကဗုံးကြဲလို့ တနင်္သာရီတိုင်းမှာမိသားစုလိုက် သေဆုံး၊ဒဏ်ရာရ
- BVJ

- Sep 19
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၉၊ ၂၀၂၅

တနင်္သာရီတိုင်းအတွင်းက မြို့နယ်တော်တော်များများကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်၊ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးက မနေ့ကထုတ်ပြန်ထားပါတယ်။
ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ရေဖြူမြို့နယ်အတွင်းရှိ ပကာရီကျေးရွာ ၊ပခပ်ကျေးရွာ၊ရေဝိုင်းကျေးရွာ၊ကင်းရှေ့ကျေးရွာ၊ဥတ္တူကျေးရွာ၊စော်ဖျားကျေးရွာ၊မဲနယ်အိုးကျေးရွာ၊ ဝေဒီကျေးရွာ၊သပြေရှောင်ကျေးရွာ၊ကြက်ယက်တွင်းကျေးရွာနဲ့ကျောက်တွင်းကျေးရွာတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီးတော့ ၄ ဦးဒဏ်ရာရှိခဲ့တယ်လို့ KNUထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးပါဝင်တယ်လို့လည်း KNUဘက်ကဆိုထားပါတယ်။
Y12 လေယာဉ်နှစ်စင်းနဲ့ ၁၂၀မမဗုံးသီးတွေကြဲချခဲ့တာကြောင့် လောင်းလုံးမြို့နယ်၊ဝေဒီရွာကျေးရွာက အသက်(၆၀)နှစ် ဒေါ်တင်ရှိန်၊ သမက်ဖြစ်သူ အသက်(၃၄)နှစ် ကိုဝေယံဖြိုးနဲ့ ဒေါ်တင်ရှိန်ရဲ့သမီးဖြစ်သူ အသက်(၃၀)နှစ်တို့ သုံးဦးသေဆုံးသွားပြီး အသက်(၆၀)နှစ် ဦးယူစိန်၊ အသက် ဆယ်နှစ်အောက်ဦးယူစိန်ရဲ့မြေးဖြစ်သူ ကလေးငယ်နှစ်ဦးနဲ့ နောက်ထပ်ကလေးငယ်တစ်ဦး စုစုပေါင်း (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်သာရီမြို့နယ်(တနင်္သာရီ) ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီးဝန်းကျင်မှာ မနေ့ကမနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ၊တပ်ရင်း(၁၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက် MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံး၊ ကျည်ဆံ(၁၀၀)လုံး၊ ကျည်ဘောင်(၄)ခု သိမ်းဆည်းရမိခဲ့တယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။







Comments