ထိုင်းဘက်ကပြန်ပို့ခံရပြီး စစ်မှုထမ်းထဲရောက်သွားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး အလင်းဝင်
- BVJ

- Sep 23
- 1 min read
BVJ/ဇော်_စက်တင်ဘာ ၂၁၊ ၂၀၂၅

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်မှာ ခြေလျှင်တပ်ရင်း - ၂၈၀ရဲ့စစ်ကောင်စီတပ်သား (၂)ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄) တပ်ရင်း (၁၁)ဆီကို အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ စက်တင်ဘာ ၂၁ ရက်မှာထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာအလင်းဝင်လာတာဖြစ်ပြီး စစ်မှုထမ်းသင်တန်း (၃)လတတ်ရောက်ပြီးနောက် သိန်းခွန်းတိုက်ပွဲရှေ့တန်းအပို့ခံရချိန်မှာ လက်နက်မဲ့ထွက်ပြေးအလင်းဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူ (၂)ဦးဟာ ထိုင်းနိုင်ငံမှာအလုပ်သွားရောက်လုပ်ကိုင်ချိန်အတွင်း ထိုင်းအစိုးရရဲ့ဖမ်းဆီးခြင်းကိုခံရပြီးနောက် မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ကျွန်းစုမြို့က စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းထဲထည့်သွင်းတာကို ခံခဲ့ရသူတွေလို့သိရပါတယ်။
အခု စက်တင်ဘာလဒုတိယပတ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အလင်းဝင်လာတာဟာ ရှမ်းပြည်နယ် (၁)ဦး၊ မန္တလေးတိုင်း (၃)ဦး၊ ပဲခူးတိုင်း (၁)ဦးနဲ့ ကရင်နီပြည်နယ် (၁)ဦး စုစုပေါင်း (၆)ဦးရှိပြီလို့လည်း ပြည်သူ့ပန်းတိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။







Comments