top of page

ရေဘေးကယ်ဆယ်ရေးလာတဲ့အဖွဲ့အစည်းနဲ့ယာဉ်တွေ အလံဖြူထောင်မသွားဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ

Writer: BVJ
BVJ
9 minutes ago
1 min read

ယူဂရင်း/BVJ_အောက်တိုဘာ ၁၊ ၂၀၂၆

ရေဘေးကယ်ဆယ်ရေးယာဉ်တွေအလံဖြူထောင်သွားနေပုံ
ရေဘေးကယ်ဆယ်ရေးယာဉ်တွေအလံဖြူထောင်သွားနေပုံ

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နဲ့သရက်ချောင်းမြို့နယ်အတွင်းက ကျေးရွာပေါင်း (၆၀)ကျော်မှာ တောင်ပြိုတာနဲ့ရေကြီးတာတွေဖြစ်ပွားနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဖို့လာတဲ့အဖွဲ့အစည်းတွေ၊ ယာဉ်တွေအနေနဲ့ အလံဖြူထောင်မသွားကြဖို့ကို NUGရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)က ဒီနေ့အောက်တိုဘာ ၁ရက်မှာ မေတ္တရပ်ခံစာထုတ်ပြန်လာပါတယ်။


အခုလိုအလံဖြူထောင်သွားနေတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ပြည်သူတွေထင်ယောင်ထင်မှားဖြစ်စေဖို့အတွက် ရန်သူစစ်အုပ်စုဘက်ကပြုမူဆောင်ရွက်နေတဲ့ ဝါဒဖြန့်ချီရေး စနစ်တကျ သပ်လျှိုသွေးခွဲရေးဖြစ်တာကြောင့် အခုစာထုတ်ပြန်ချိန်ကစပြီး အလံဖြူထောင်မသွားကြဖို့ကို နည်းဗျူဟာ (၃၃)ရဲ့ ဗျူဟာမှူး စောဒါးကိုကပြောလာတာပါ။


ဒါ့အပြင် ရေဘေးကယ်ဆယ်ရေးလာတဲ့ အလှူရှင်တွေကို စစ်အုပ်စုဘက်ကနေ ဂိတ်တွေမှာအာမခံလက်မှတ်ထိုးခိုင်းတာတွေလည်းရှိနေကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။


"အခက်အခဲဖြစ်နေသောပြည်သူများကိုအသုံးချပြီး နိုင်ငံရေး၊ စစ်ရေးအရပုံဖော်နိုင်ရန်အတွက် ယခုကဲ့သို့အလံဖြူထောင်၍သွားစေခြင်း၊ ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းများအား စိတ်ဓာတ်စစ်ဆင်ရေး တစ်ရပ်အနေဖြင့် လုပ်ဆောင် နေသည်ဟု မိမိတို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၃) စစ်ဆင်ရေးအဖွဲ့မှ သုံးသပ်မိပါသည်"
ရေဘေးကယ်ဆယ်ရေးယာဉ်တွေအလံဖြူထောင်သွားနေပုံ
ရေဘေးကယ်ဆယ်ရေးယာဉ်တွေအလံဖြူထောင်သွားနေပုံ

နည်းဗျူဟာ(၃၃)အနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်ရေဘေးနဲ့ပတ်သက်ပြီးတိုက်တွန်းချက်ထုတ်ပြန်ထားပြီး အဲ့ဒီထဲမှာ ရေဘေးကူညီဖို့လာတဲ့အဖွဲ့အစည်းနဲ့ယာဉ်တွေ သက်ဆိုင်ရာနယ်မြေတွေကိုအဆင်ပြေစွာသွားလာနိုင်ဖို့အတွက် နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့ကို တိုက်တွန်းထားပါတယ်။


ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့တောင်ပြိုမှုတွေအတွင်း လက်ရှိမှာသေဆုံးသူ ၃၂ဦးအထိအတည်ပြုထားနိုင်ပြီး ပျောက်ဆုံးသူ အနည်းဆုံးဒါဇင်နဲ့ချီရှိနေတယ်လို့ ထားဝယ်အမျိးသားအဖွဲ့ချုပ်-TNFရဲ့ မနေ့က ဗုဒ္ဓဟူးနေ့စာရင်းအရသိရပါတယ်။


ဒါအပြင် လူနေအိမ်တွေနဲ့ဘာသာရေးအဆောက်အဦးအပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်နဲ့ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင်ပျက်စီးဆုံးရှုံးထားပါတယ်။


လက်ရှိမှာလမ်းပန်းဆက်သွယ်ရေးနဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုစာရင်းဒီထက်ပိုများနိုင်သလို ကူညီကယ်ဆယ်ရေးမရရှိသေးဘဲ ဝင်ရောက်ဖို့ကြိုးစားနေရတဲ့နေရာလည်း ရှိနေပါသေးတယ်။

တနင်္သာရီရေကြီးပြီးနောက်မြင်တွေ့ရပုံ။
တနင်္သာရီရေကြီးပြီးနောက်မြင်တွေ့ရပုံ။

အာဏာသိမ်းစစ်အုပ်စုဘက်ကတေ့ာ ရေကျသွားပြီဖြစ်တာကြောင့် လမ်းကြောင်းရှင်းလင်းရေးနဲ့သန့်ရှင်းရေးတွေလုပ်နေတယ်လို့ ဒီနေ့မနက်သတင်းမှာဖော်ပြပါတယ်။


ထားဝယ်ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Dawei Watch သတင်းဌာနရဲ့ အခုညနေပိုင်းသတင်းမှာတော့ မိုးမရွာပေမယ့်လည်း တနင်္သာရီမြစ်ရေတွေဆက်တိုးလာတာကြောင့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုမှာပြောင်းရွှေ့ရသူတွေထပ်တိုးလာတယ်လို့ ဖော်ပြထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page