CDMတပ်ကြပ်ကြီး နေဝင်းအောင်နဲ့ရဲဘော်တွေကျဆုံးမှုဖြစ်စဉ်အမှန်ကို အထူးတိုင်းစစ်ဌာနထုတ်ပြန်

ယူဂရင်း/BVJ_စက်တင်ဘာ ၃၀၊ ၂၀၂၆

အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းလေကြောင်းဗုံးကြဲခံရပြီး CDMတပ်ကြပ်ကြီးနေဝင်းအောင်နဲ့ တိုင်းစစ်ဌာနလုံခြုံရေးတပ်ဖွဲ့ဝင် ရဲဘော်(၂)ဦး၊ ဆက်သွယ်ရေး ရဲဘော်(၂)ဦးကျဆုံးခဲ့တာဟာ တပ်ပြေး/နှုတ်ထွက်ရဲဘော်တွေနဲ့ ရန်သူ့ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနက ဒီနေ့စက်တင်ဘာ ၃၀ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
အခုလ စက်တင်ဘာ ၂၄ရက်၊မနက် ၁၁နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်းကို နေပြည်တော်လေတပ်စခန်းဌာနချုပ်ကတက်လာတဲ့ စစ်တပ်ရဲ့ MIG-29 အမျိုးအစား Jet Fighterနှစ်စီးနဲ့ ဗုံးသီး(၄)လုံးကြဲချခဲ့တာကြောင့် ဗုံးသီးနှစ်လုံးထိမှန်ခဲ့ပြီး စုစုပေါင်း ၅ ဦးကျဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှု အဓိကအကြောင်းရင်းဟာ မိမိတို့ဆီက တပ်ပြေးနဲ့/နှုတ်ထွက်သွားတဲ့ရဲဘော်တွေကို ရန်သူကဖမ်းဆီးပြီး စစ်ဆေးချိန်မှာထွက်ဆိုချက်တွေနဲ့ ရန်သူ့ဘက်ကိုဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့်ဖြစ်တာကို စုံစမ်းသိရှိရတယ်လို့ အထူးတိုင်းစစ်ဌာနကပြောထားပါတယ်။
ပြီးတော့ ဒီဖြစ်စဉ်အပေါ်မှာ ရန်သူကအချင်းချင်းသွေးကွဲဖို့ဝါဒဖြန့်ချီနေတာကြောင့် ပြည်သူတွေအဖြစ်မှန်ကိုသိဖို့အခုလိုအသိပေးရတာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီဗုံးကြဲမှုနဲ့ပတ်သက်ပြီး စစ်တပ်ထောက်ခံသူတွေဘက်ကတော့ အခုလိုဗုံးကြဲခံရမှုဟာ CDMလုပ်ထားသူတွေဆီကသတင်းရတာကြောင့် နေရာအတိအကျဗုံးကြဲနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ဗိုလ်ကြီးတင်လင်းအောင်ရဲ့အသံဖိုင်ဆိုပြီး ဖေ့စ်ဘုခ်၊တစ်တော့အပါအဝင် အွန်လိုင်းပေါ်မှာကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။
အထူးတိုင်းစစ်ဌာနကဗုံးကြဲခံရမှုအတွင်းမှာ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ CDMဗိုလ်မှူး တင်လင်းအောင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုထုတ်ပြန်ချက်ထဲမှာတော့ ဒါကိုထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားကတော့ “ကျွန်တော်တို့ကိုမစိုးရိမ်ပါနဲ့။ အဓိကလိုအပ်နေတဲ့အရာတွေအတွက်ပဲ အင်အားတွေဖြည့်ပေးကြပါ"လို့ စက်တင်ဘာ ၂၅ရက်ကအွန်လိုင်းကနေပြုလုပ်တဲ့ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်းLiveမှာပြောခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့ရတဲ့ တပ်ကြပ်ကြီးနေလင်းအောင်ဟာ CDM ပုသိမ်လေတပ် ရေဒါဌာနကနေ ၂၀၂၁ခုနှစ်ကထဲကCDMလုပ်ထားသူဖြစ်ပြီး တော်လှန်ရေးတပ်တွေအတွက်လည်း လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တာတွေကို နည်းပြပညာပေးနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။




Comments