top of page

"ငါ့ သမီးချေရေ၊ သမီးချေ အမေလေ..."

Writer: BVJ
BVJ
6 hours ago
1 min read

ဗိုက်ထဲကကလေးပါမကျန်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု

မိုနာ/BVJ_အောက်တိုဘာ ၁၊ ၂၀၂၆

ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်း ကိုယ်ဝန်ကိုးလနဲ့သေဆုံးသွားတဲ့ မခင်မာနွယ်နဲ့ ကျန်ရစ်ခဲ့တဲ့သမီးကြီး။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်း ကိုယ်ဝန်ကိုးလနဲ့သေဆုံးသွားတဲ့ မခင်မာနွယ်နဲ့ ကျန်ရစ်ခဲ့တဲ့သမီးကြီး။

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့က အိန္ဒိယစျေးကိုလေကြောင်း‌ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်းအရပ်သားအစုလိုက်အပြုံလိုက်သေဆုံးသူတွေထဲမှာ ကိုးလကိုယ်ဝန်ဆောင်ထားရတဲ့မိခင်တစ်ဦးလည်းပါဝင်ခဲ့ပါတယ်။

ကျောက်​တော်မြို့၊ပိုက်သည်ရွာက အသက် ၃၂ နှစ်အရွယ်မခင်မာနွယ်ဟာ ကိုယ်ဝန်နေ့စေ့လစေ့နဲ့မွေးဖွားခါနီးချိန်မှာ စစ်တပ်ကကြဲချလိုက်တဲ့ဗုံးကြောင့် မီးလောင်ကျွမ်းသေဆုံးသွားရသလို ကလေးငယ်ဟာလည်းအပြင်လေရှုခွင့်တောင်မရလိုက်ဘဲ သေဆုံးသွားခဲ့ရတာပါ။


"ကိုယ်ဝန် ၉လနဲ့အတူ​မီး​လောင်းကျွမ်း​နေဆဲမှာပင်က​လေး​မွေးခဲ့ပြီး က​လေးပင်မီး​လောင်ကျွမ်း​သေဆုံးခဲ့ရတယ်"လို့ ဗုံးကြဲခံရပြီးနောက် ကလေးနဲ့မိခင်သေဆုံးခဲ့ရပုံကို ရခိုင်ပြည်နယ်တွင်း ကူညီကယ်ဆယ်ရေးတွေပါဝင်ဆောင်ရွက်နေတဲ့ စာရေးဆရာဝေဟင်အောင်က သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။

မခင်မာနွယ်ရဲ့ မိခင်ဖြစ်သူနဲ့အမျိုးသားဖြစ်သူတို့ဟာလည်း သားအမိနှစ်ဦးအဖြစ်ဆိုးကြောင့် ဖြေဆည်မနိုင်အောင်ဝမ်းနည်းပူဆွေးနေကြရတာကို ဒေသအခြေစိုက်မီဒီယာတွေကရုပ်သံဖော်ပြထားတာမှာတွေ့ရပါတယ်။


"ငါ့ သမီးချေရေ၊ သမီးချေ အမေလေ..."ဆိုတဲ့ ကျန်ရစ်ခဲ့သူ မခင်မာနွယ်ရဲ့မိခင်ဖြစ်သူအော်ဟစ်ငိုကြွေးသံနဲ့ မခင်မာနွယ်နဲ့ကလေးငယ်တို့ မီးလောင်ကျွမ်းသေဆုံးနေတဲ့ဓါတ်ပုံဟာလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး အဲ့ဒီဓါတ်ပုံနဲ့တွေကိုမြင်တွေ့ရသူအပေါင်းဟာ အလွန်အမင်းစိတ်ထိခိုက်ဝမ်းနည်းမှုကိုခံစားရပါတယ်။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးသွားတဲ့ မခင်မာနွယ်အလောင်းကိုကြည့်ပြီး ငိုကြွေးနေတဲ့မိခင်ဖြစ်သူ။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးသွားတဲ့ မခင်မာနွယ်အလောင်းကိုကြည့်ပြီး ငိုကြွေးနေတဲ့မိခင်ဖြစ်သူ။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးသွားတဲ့ မခင်မာနွယ်အလောင်းကိုကြည့်ပြီး ငိုကြွေးနေတဲ့အမျိုးသားဖြစ်သူ။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးသွားတဲ့ မခင်မာနွယ်အလောင်းကိုကြည့်ပြီး ငိုကြွေးနေတဲ့အမျိုးသားဖြစ်သူ။

စက်တင်ဘာလ (၂၈) ရက်နေ့၊ မွန်းလွဲ(၁၂) နာရီအချိန်လောက်မှာ အိန္ဒိယစျေးနဲ့ကစ္ဆပနဒီတံတားဝန်းကျင်ကို စစ်တပ်လေကြောင်းဗုံးကြဲချမှုအတွင်းသေဆုံးသွားသူတွေထဲမှာ လမ်းသွားလမ်းလာ၊ စျေးရောင်းစျေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားတွေပါဝင်ပြီး ရခိုင်ဒေသတွင်းနေထိုင်ကြတဲ့ မူဆလင်ဒေသခံတွေလည်းအများစုပါဝင်ကြပါတယ်။


တိုက်ခိုက်ခံရတဲ့စျေးဟာ ကျောက်တော်ဒေသခံတွေအပြင် ရခိုင်ဒေသတွင်းတခြားမြို့နယ်တွေကစစ်ဘေးရှောင်တွေလည်း ကုန်ပစ္စည်းလာရောက်ရောင်းချကြတာကြောင့် ရောင်းသူ၊ဝယ်သူစည်ကားတဲ့နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံကတင်သွင်းလာတဲ့ကုန်စည်တွေကိုရောင်းချတာကြောင့် ဒေသခံတွေကအိန္ဒိယစျေးလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။


သေဆုံးသူအရေအတွက်ဟာ ကနဦးစာရင်းအရ ၄၉ ဦးရှိခဲ့ရာကနေ ဒဏ်ရာရရှိသူ ၅၈ဦးထဲက စက်တင်ဘာ ၂၉ရက်နေ့လယ်မှာ အသက် ၄၀အရွယ် ဦးအောင်မင်းထွန်းသေဆုံးသွားတာကြောင့် သေဆုံးသူ ၅၀ ဦးအထိရှိလာခဲ့ပါတယ်။


ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ၂၂ ဦးဟာဒဏ်ရာပြင်းထန်တယ်လို့ အာရက္ခတပ်တော်-AAထုတ်ပြန်ချက်မှာဖော်ပြထားပြီး အဲ့ဒီထဲကတစ်ဦးထပ်မံသေဆုံးသွားတာပါ။

ဖြစ်စဉ်ဖြစ်အပြီးလက်ရှိမှာတော့ အဲ့ဒီစျေးကိုတပါတ်တိတိပိတ်ထားရတယ်လို့ ရခိုင်ဒေသခံကပြောပါတယ်။

ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အလောင်းကိုကြည့်ပြီး ဝမ်းနည်းငိုကြွေးနေသူများ။
ကျောက်တော်လေကြောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အလောင်းကိုကြည့်ပြီး ဝမ်းနည်းငိုကြွေးနေသူများ။

စစ်တပ်ဟာ လေကြောင်းဗုံးကြဲမှုကနေ အခုလိုမျိုးအစုလိုက်အပြုံလိုက်လူသတ်မှုတွေကိုကျူးလွန်လေ့ရှိတာကို ၂၀၂၃၊ဧပြီလ ၁၁ ရက် မနက်ရှစ်နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးရုံးဖွင့်ပွဲကို စစ်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃၀ ကျော်အပါအဝင် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ၂၀၂၅၊ ဒီဇင်ဘာ ၁၀ရက်က ‌မြောက်ဦး‌ဆေးရုံကိုဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၃၃ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ၂၀၂၆၊ဇန်နဝါရီ ၂၀ရက်ညပိုင်းမှာ ကျောက်တော်မြို့က AAအကျဉ်းစခန်းကို လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင် ၂၁ ယောက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် စတာတွေကိုကြည့်ရင်သိနိုင်ပါတယ်။


အဲ့ဒီသေဆုံးသူတွေထဲမှာ လူမမယ်ကလေးတွေနဲ့အမျိုးသမီး၊ သက်ကြီးရွယ်အိုအရပ်သားတွေများစွာပါဝင်ခဲ့ပေမယ့် နယ်မြေရရှိရေး၊ အာဏာတည်မြဲရေးနဲ့ လူထုကိုအကြောက်တရားနဲ့ထိန်းချုပ်နိုင်ဖို့အတွက်ကြိုးစားနေတဲ့စစ်တပ်ဟာ လူ့အသက်ကိုအလေးမထား ရမ်းကားကျူးလွန်မှုတွေဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်အုပ်စုရဲ့အခုလိုကျူးလွန်မှုတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေမရှိသေးတာကလည်း စစ်ရာဇဝတ်မှုတွေကိုရဲရဲဝံ့ဝံ့ဆက်လက်ကျူးလွန်နေရဲတာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြထားကြပါတယ်။


အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က‌တော့ စစ်တပ်ရဲ့အခုလုပ်ရပ်ကိုပြင်းထန်စွာရှုတ်ချပြီး မြန်မာစစ်တပ်အနေနဲ့တာဝန်ခံမှုရှိစေရမယ်လို့ အိန္ဒိယစျေးလေကြောင်းတိုက်ခိုက်ခံရမှုအပြီး ဒီနေ့ စက်တင်ဘာ ၂၈ရက်မှာထုတ်ပြန်ထားပါတယ်။


အာရက္ခတပ်တော်-AAကလည်း အခုလိုကြီးမားတဲ့စစ်ရာဇဝတ်မှုကျူးလွန်ပြီး လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အမိန့်ပေးသူ၊ပစ်ခတ်တိုက်ခိုက်သူနဲ့ ပါဝင်ဆက်နွယ်တဲ့အဖွဲ့အစည်းအားလုံးကို လက်တုန့်ပြန်မယ်လို့ကြေညာထားပါတယ်။


UNရဲ့ မနေ့က စက်တင်ဘာ ၃၀ရက်ထုတ်ပြန်ချက်မှာလည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက ကျောက်တော်လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံတဝန်း အရပ်သားတွေရင်ဆိုင်နေရတဲ့ဆိုးရွားတဲ့အခြေအနေကို ပိုမိုထင်ရှားစေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာအခြေအနေကပိုပြီးဆိုးရွားနေတယ်လို့ ပြောထားပါတယ်။

၂၀၂၆၊စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို့နယ်ကို စစ်တပ်လေကြောင်းဗုံးကြဲပြီးအတွင်း သေဆုံးသွားသူများ။
၂၀၂၆၊စက်တင်ဘာ ၂၈ရက်က ကျောက်တော်မြို့နယ်ကို စစ်တပ်လေကြောင်းဗုံးကြဲပြီးအတွင်း သေဆုံးသွားသူများ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း လူ ၅၀ သေဆုံးပြီး ၆၀ နီးပါးဒဏ်ရာရခဲ့တဲ့သတင်းတွေကြားသိရတဲ့အတွက် အထိတ်တလန့်ဖြစ်ရတယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူကပြောပါတယ်။


အလားတူပဲ UK၊ ဥရောပသမဂ္ဂ (EU)တို့ကလည်းကန့်ကွက်ရှုတ်ချထားကြပြီး ထိခိုက်နစ်နာရသူတွေ၊မိသားစုဝင်တွေအတွက်ထပ်တူညီခံစားရကြောင်းနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တသားထဲဆက်လက်ရပ်တည်လျက်ရှိကြောင်း ဖော်ပြကြပါတယ်။


ဒါပေမယ့် စစ်တပ်ကတော့ မနေ့က စက်တင်ဘာ ၃၀ရက်ညနက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ပေါက်တောမြို့နယ်(ဝီရဌာနီ)တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။အဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာလည်း ၄နှစ်ကလေးငယ်အပါအဝင် အမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page