တာချီလိတ်မြို့ရေကြီးနေတာကြောင့် ဒေသခံရာချီ အခက်အခဲဖြစ်နေ
- BVJ

- Jul 28
- 1 min read
BVJ/ ဂျိုး ၊ ဇူလိုင် ၂၈-၂၀၂၅

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနဲ့အတူ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းရေမြင့်တက်လာတာကြောင့် တာချီလိတ်မြို့အနိမ့်ပိုင်းရပ်ကွက်တော်တော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။
လက်ရှိမှာတော့ တာချီလိတ်မြို့ အတွင်းက မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ တာလော့ ရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နဲ့ ပုန်းထိန်ရပ်ကွက် စတဲ့ ရပ်ကွက်တော်တော်များများမှာ ရေကြီးရေလျှံမှုတွေရှိနေတာကြောင့် မြို့ခံတွေအခက်ကြုံနေရတာလည်းဖြစ်ပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ ဆန်ဆိုင်းရပ်ကွက်အတွင်းမှာ ဒီကနေ့ မွန်တည့်ပိုင်းကတည်းကရေတွေ ဆက်တိုက်တက်နေတာကြောင့် ပိတ်နေသူတွေကို လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကယ်ထုတ်နေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေကြီးရေလျှံမှုတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်ခွင်တွေလည်းပိတ်ထားရသလို တခြား လုပ်ငန်းတွေလည်း တော်တော်များများပိတ်ထားရတာကြောင့် လက်လုပ်လက်စားဒေသခံ တွေအခက်ကြုံနေရတယ်လို့ တာချီလိတ်မြို့ ခံတဦးကပြောပါတယ်။
“ရေကတစ်ဖြည်းဖြည်းနဲ့ကြီးလာတော့ အလုပ်တွေသွားရလာရအဆင်မပြေကြတော့ဘူး။ ရေက လည်းခုဆိုအမြင့်ပိုင်းတွေမှာတောင် ဒူးနားအထိရောက်နေပြီ။ မြေနိမ့်ပိုင်းရေကြီးနေတဲ့ဘက်တွေဆို ဆောက်လုပ်ရေးတွေ ကုန်စုံဆိုင်တွေအကုန်ပိတ်ထားရတယ်။ လမ်းသွားလမ်းလာလည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။
လက်ရှိမှာလည်း မြို့အတွင်းရေတွေ ဆက်တက်နေတာကြောင့် စိုးရိမ်နေရတယ်လို့ သူကဆက်ပြောပါတယ်။
“ရေက မနေ့ကကတည်းက သိသိသာသာတက်လာတာ အခုလည်း ဆက်တက်နေတုန်း။မိုးရွာရင် ဆက်ပြီးတော့ ရေကြီးလာနိုင်တယ်လေ။ မြို့ခံတွေကတော့ စိုးရိမ်နေကြတယ်”လို့ ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ စိုးရိမ်ရေအမှတ်ထက် ၅ပေခွဲအထိ ကျော်လွန်နေပြီး လာမယ့်တရက်အတွင်း ၂ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။
ဒါကြောင့်မလို့ တာချီလိတ်မြို့မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့လည်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ဒီနေ့ မနက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- Ko Hla Moe







Comments