လုံခြုံရေးကြောင့် ဒီပဲယင်းမြို့နယ်ကအလှုမင်္ဂလာပွဲတွေအတွင်း ဆိုင်းဝိုင်းတွေမထည့်ဖို့ မြို့နယ်ပအဖတားမြစ်
- BVJ

- Oct 21
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၂၁၊ ၂၀၂၅

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကိုစိုးရိမ်နေကြတာကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အခုနှစ်အတွင်း အလှုပွဲ၊မင်္ဂလာပွဲတွေမှာ ဧည့်ခံဖျော်ဖြေရေးပွဲတွေနဲ့ဆိုင်းဝိုင်းတွေပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ ပြည်သူလူထုစုဝေးရာနေရာတွေကို ပစ်မှတ်ထားပြီး ပါရာမော်တာစက်တပ်လေထီး၊ ဂျက်ဖိုက်တာစတာတွေနဲ့ ဗုံးသီးချ၊လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘာသာရေး၊အလှူပွဲ၊မင်္ဂလာဆောင်ပွဲတွေပြုလုပ်ကျင်းပရာမှာ ဆိုင်းဝိုင်း၊အငြိမ့်၊ဇာတ်ပွဲစတာတွေကို ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းတွေမပြုလုပ်ကြဖို့ တားမြစ်တာဖြစ်တယ်လို့ မြို့နယ်ပအဖက ပြောထားပါတယ်။
အခုတားမြစ်ကြေညာချက်ကို ဒီပဲယင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖတို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအားလုံး မျက်နှာစုံညီအစည်းအဝေးပြုလုပ်ပြီး အခုလ ၄ရက်မှာကြေညာခဲ့ပြီးဖြစ်တာကြောင့် မလိုက်နာဘဲဖောက်ဖျက်ကျူးလွန်ရင် ထိရောက်စွာအရေးယူမယ်လို့လည်း ဖော်ပြပါတယ်။
“အလှူတွေအတွက်ဆိုင်းဝိုင်းတို့အငြိမ့်တို့ဌားတာက တခြားနယ်တွေ၊ မြို့တွေကဌားရတာဆိုတော့ ဌားလို့သူတို့ကလာရင် ကားကြီးတွေနဲ့လာပြီး စစ်တပ်ဂိတ်တွေကဖြတ်လာရမှာလေ။ အဲ့ကျဘယ်သွားမလဲမေးရင် သွားမယ့်နေရာကိုဖြေခဲ့ကြရမှာမျိုးမို့အန္တရာယ်ရှိတယ်။ နောက်ပြီးလူစုစုဆို ...တွေ(စစ်တပ်)ကပစ်မှာကြဲတာမျိုးလုပ်နေတာဆိုတော့ ကြိုတင်တားဆီးထားတာကောင်းပါတယ်”လို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။
သက်ဆိုင်ရာရပ်ကျေး ပကဖ၊ပအဖတာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူလူထုထိခိုက်နစ်ဆုံးရှုံးမရှိစေရေး အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားကြဖို့ကို ဒီပဲယင်းမြို့နယ်ပအဖက ကြေညာထားပါတယ်။
စစ်အုပ်စုဟာ လေကြောင်းကနေပြည်သူကိုဦးတည် ဗုံးကြဲတိုက်ခိုက်မှုတွေကို စစ်ကိုင်း၊မကွေး၊ချင်း၊ ရှမ်းမြောက်စတဲ့ဒေသတွေမှာ တောက်လျောက်လုပ်ဆောင်နေတာဖြစ်ပြီး အခုလ ၆ရက် သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကိုင်းတိုင်း၊ချောင်ဦးမြို့နယ် ဘုံတိုရွာမှာကျင်းပနေတဲ့ ဆီမီးသပိတ်ကိုလေကြောင်းဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေပါ ၂၃ဦးသေဆုံးကာ ၆၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပုံစာ-၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က မြိုင်မြို့နယ်၊ ဆုံကုန်းရွာမင်္ဂလာပွဲတခု လေကြောင်းတိုက်ခိုက်ခံရပြီးနောက်မြင်တွေ့ရပုံ (ဓါတ်ပုံ-Red Peacock Photo)







Comments