top of page

အာဆတ်ပြုတ်ကျပြီးနောက်ပိုင်း ရုရှားသမ္မတပူတင်နဲ့ဆီးရီးယားသမ္မတရှာရာတို့ မော်စကိုမှာပထမဆုံးအကြိမ်တွေ့ဆုံ

  • Writer: BVJ
    BVJ
  • Oct 16
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၆၊ ၂၀၂၅

ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အောက်တိုဘာ ၁၅ရက်နေ့က ရုရှားနိုင်ငံ၊မော်စကိုမြို့မှာတွေ့ဆုံစဉ်
ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အောက်တိုဘာ ၁၅ရက်နေ့က ရုရှားနိုင်ငံ၊မော်စကိုမြို့မှာတွေ့ဆုံစဉ်

ရုရှားရဲ့မဟာမိတ် ဆီးရီးယားသမ္မတဘာရှာအယ်လ်အာဆတ်ပြုတ်ကျသွားပြီး ဆယ်လအကြာမှာ ဆီရီးယားယာယီသမ္မတ အာမက်အယ်လ်ရှာရာနဲ့ ရုရှားသမ္မတပူတင်တို့ ပထမဆုံးအကြိမ်အဖြစ် ‌ရုရှားနိုင်ငံ မော်စကိုမြို့မှာမနေ့ကတွေ့ဆုံခဲ့ပါတယ်။


ဆီးရီးယားနဲ့ရုရှားနိုင်ငံကြားမှာထူးခြားတဲ့ဆက်ဆံရေးတွေရှိခဲ့တယ်လို့ ရုရှားသမ္မတပူတင်ကပြောခဲ့ပြီး၊ဆီးရီးယားယာယီသမ္မတ ရှာရာကလည်း ဆီးရီးယားမှာရုရှားစစ်စခန်းတွေဆက်ထားခွင့်ပြုမယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ ရုရှားမှာခိုလှုံခွင့်ပေးထားတဲ့ ဆီးရီးယားသမ္မတဟောင်းအာဆတ်ကို ပြန်လွှဲပြောင်းပေးဖို့ ဆီးရီးယားယာယီသမ္မတရှာရာက တောင်းဆိုမယ်လို့လည်းမျှော်လင့်ရပါတယ်။


ပူတင်နဲ့ ရှာရာတို့ဟာ နှစ်ပေါင်းများစွာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့ဆီးရီးယားပြည်တွင်းစစ်ကာလမှာရန်သူတွေအဖြစ် ဆန့်ကျင်ဘက်အနေအထားမှာရပ်တည်ခဲ့တဲ့သူတွေဖြစ်ပါတယ်။အဲ့ဒီတုန်းက ရုရှားသမ္မတပူတင်က ဆီးရှားသမ္မတအာဆတ်ကို သူပုန်တွေကိုတိုက်ခိုက်ဖို့စစ်ရေးအကူအညီတွေအများကြီးပေးခဲ့ပြီး ရှာရာဦးဆောင်တဲ့အစ္စလာမ်မ္မစ်လက်နက်ကိုင်သူပုန်အဖွဲ့က နယ်မြေတွေတဖြည်းဖြည်းသိမ်းယူပြီး အာဆတ်ကိုဖြုတ်ချခဲ့ပါတယ်။


ဒါပေမယ့် မနေ့ကဗုဒ္ဓဟူးနေ့မှာတော့ တချိန်ကရန်သူတွေဖြစ်ခဲ့တဲ့ ရုရှားနဲ့ဆီးရီးယားခေါင်းဆောင်တို့ဟာ အတိတ်ကရန်ငြိုးတွေထက် လက်တွေ့ကျတဲ့ အကျိုးစီးပွားတွေကိုရှေးရှုပြီး ပထမဆုံးအကြိမ်စားပွဲတဝိုင်းထဲထိုင်ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားက ဆီးရီးယားမှာရှိတဲ့ Tartous ရေတပ်ဆိပ်ကမ်းနဲ့ဆီးရီးယားမြေထဲပင်လယ်ကမ်းရိုးတန်းက Hmeimim လေတပ်အခြေစိုက်စခန်းတွေကိုဆက်ပြီးအသုံးပြုဖို့ ဆန္ဒရှိနေပါတယ်။နှစ်နိုင်ငံဆက်ဆံရေးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရင်ကသဘောတူညီထားခဲ့တာကိုဆက်ပြီးခွင့်ပြုသွားဖို့ သူ့အနေနဲ့ဆန္ဒရှိကြောင်း ဆီးရီးယားယာယီသမ္မတ ရှာရာကပြောပါတယ်။


အဲ့ဒီလိုခွင့်ပြုမယ့်အတုံ့အလှည့်ရလဒ်အနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းမှာ သူ့ရဲ့အာဏာပိုမိုခိုင်မာ တောင့်တင်းလာဖို့ ရုရှားဆီက ရှာရာကအကူအညီလိုအပ်နေသလို နယ်စပ်လုံခြုံရေးနဲ့စီးပွားရေးတိုးတက်လာဖို့ ရုရှားရဲ့စွမ်းအင်နဲ့ရင်းနှီးမြုပ်နှံမှုတွေလည်းရဖို့လိုအပ်နေပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ လျပ်စစ်ဓာတ်အားလိုင်းတွေနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွေ ပြန်လည်ပြုပြင်‌ရေးမှာကူညီဖို့၊ ရိက္ခာနဲ့ဆေးဝါးတွေထောက်ပံ့ကူညီဖို့အဆင်သင့်ရှိကြောင်း ရုရှားအစိုးရဝန်ကြီးတွေက ပြောပါတယ်။


ဒါပေမယ့် နှစ်ဘက်တွေ့ဆုံမှုအပြုံးတွေကြားထဲမှာ တင်းမာမှုတွေကတော့ဆက်ရှိနေပါသေးတယ်။ ဆီးရီးယားသတင်းရင်းမြစ်တွေ့ရဲ့အဆိုအရ ရုရှားမှာနိုင်ငံရေးခိုလှုံနေတဲ့ ဆီးရီးယားသမ္မတဟောင်းအာဆတ်ကိုပြန်လွှဲပေးဖို့ ဆီးရီးယားယာယီသမ္မတ ရှာရာကတောင်းဆိုမှာဖြစ်ပြီး ရုရှားကလည်းဒီကိစ္စကိုသတောတူနိုင်ဖို့မရှိဘူးလို့သိရပါတယ်။ အာဆတ်ကို ဆီးရီးယားကိုပြန်လွှဲပေးလိုက်ရင် အဲ့ဒီမှာစစ်ရာဇဝတ်မှုနဲ့ခုံရုံးတင်ခံရဖို့ရှိပါတယ်။


အာဆတ်နဲ့သူ့မိသားစုဝင်တွေမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကြုံခဲ့ရတဲအတွက် နိုင်ငံရေးခိုလှုံခွင့်ပြုထားတာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာဗရော့ဗ်က တနင်္လာနေ့က သတင်းထောက်တွေကို ပြောပါတယ်။


စက်တင်ဘာ၂၄ရက်နေ့က ဆီးရီးယားသမ္မတအာမက် အယ်လ်ရှာရာဟာ ဆီးရီးယားခေါင်းဆောင်တစ်ဦးအနေနဲ့နှစ်ခြောက်ဆယ်နီးပါးအကြာမှာ ပထမဆုံးအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းပြောခွင့်ရခဲ့ပါတယ်။


အယ်လ်ရှာရာဦးဆောင်တဲ့သူပုန်တပ်ဖွဲ့က အာဆတ်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပြီးနောက် ဇန်နဝါရီလထဲမှာ ဆီးရီးယားယာယီသမ္မတဖြစ်လာပါတယ်။ အမေရိကန်အစိုးရက အယ်လ်ရှာရာကိုအယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်မှုနဲ့ ၂၀၁၇ခုနှစ်က ဆုငွေဒေါ်လာ၁၀သန်းနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ဖူးပါတယ်။


Ref:BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page