top of page

“မေမေ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ”

  • Writer: BVJ
    BVJ
  • Apr 21
  • 1 min read

အခုအချိန်မှာ မြန်မာပြည်က လူအများစုသိချင်နေတဲ့အကြောင်းအရာက အကျဥ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေပါ။ သမ္မတဦးဝင်းမြင့်ပြန်လွတ်လာတဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ပြောင်းထားမယ်ဆိုတဲ့သတင်းတွေ ထွက်လာပေမယ့်လက်တွေ့ဖြစ်မလာခဲ့ပါဘူး။


ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းထားမယ်ဆိုတဲ့ သတင်းထွက်လာတာဟာ စစ်အုပ်စုဘက်ကတမင်သက်သက်လွှင့်လိုက်တာလို့​တောင် ယူဆနေတဲ့သူတွေရှိပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင်ကိုဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ စစ်အုပ်စုကအခုထိထုတ်မပြောသေးတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေပါသေးရဲ့လားဆိုတဲ့သံသယတွေလဲပိုတိုးလာ​​စေပါတယ်။


အာဏာသိမ်းစစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူဟောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကောင်းပါတယ်လို့ ၂၀၂၆ခုနှစ် ဇန်နဝါရီလ၂၄ရက်တုန်းကပြောထားပါတယ်။ ဒါပေမယ့် အခုထိ ဒေါ် အောင်ဆန်းစုကြည်ဘယ်နေရာမှာရှိနေလဲဆိုတာ စစ်အုပ်စုဘက်ကထုတ်မပြောသေးတာဟာ စဥ်းစားစရာတွေပိုဖြစ်လာခဲ့ပါတယ်။


၂၀၂၅၊မတ်လ၂၈ရက်နေ့က မြန်မာနိုင်ငံမှာငလျင်လှုပ်တဲ့အချိန် သူ့အမေကိုထားထားတဲ့နေပြည်တော်က အကျဉ်းထောင်လည်းပျက်စီးသွားတဲ့အတွက် သူ့အမေဒဏ်ရာရသွားနိုင်တယ်လို့ယူဆကြောင်း ကိုထိန်လင်းက Burma VJနဲ့ အင်တာဗျူးမှာပြောပါတယ်။


“မေမေကျန်းမာရေးကောင်းပါတယ်လို့ သူတို့ကပြောနေပေမယ့် အခုထိဘာသက်သေ အထောက်အထားမှမပြဘူး။ ငလျင်လှုပ်တုန်းက သူထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျွန်တော်တို့ယူဆထားပါတယ်။ အဲ့ဒီအချိန်မှာ အကျဉ်းထောင်ကလည်း တော်တော်လေးပျက်စီးသွားတော့ သူ့ကိုထောင်ကနေတနေရာရာကို ရွှေ့လိုက်တာ ဖြစ်နိုင်တယ်”


ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အနီးကစစ်တပ်ဝန်းတခုထဲမှာ ချုပ်နှောင်ထားတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိဖို့တောင်မသေချာတော့ဘူးလို့ ကိုထိန်လင်းက ၂၀၂၅၊ဒီဇင်ဘာ ၁၄ ရက်မှာ ရိုက်တာသတင်းဌာနကိုပြောခဲ့ပါတယ်။


အသက် ၈၀ အရွယ်သူ့မိခင် ကွယ်လွန်သွားတာမျိုးဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနကိုပြောခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်အုပ်စုက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။


အသက်၈၀ကျော် သူ့ အမေဟာနှလုံးရောဂါခံစားနေရတဲ့သူဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု သေသေချာချာမရနိုင်တဲ့ အကျဥ်းထောင်ထဲကနေ နေအိမ်အကျယ်ချုပ်ပြောင်းထားပေးဖို့လိုတယ်လို့ ကိုထိန်လင်းကပြောနေပါတယ်။ဒါပေမယ့်အခုအချိန်မှာ သူ့အမေဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးလားဆိုတာ​သေ​သေချာချာသိဖို့က ကိုထိန်လင်းအတွက်အရေးကြီးဆုံးကိစ္စဖြစ်နေပါတယ်။


သူ့အမေ ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေသေးကြောင်း အထောက်အထားပြဖို့ ဖိအားပေးတောင်းဆိုမယ့် Proof of Life လို့အမည်ရတဲ့ လှုပ်ရှားမှုကိုလည်း ဧပြီ၂၀ရက်နေ့ကစတင်ပြုလုပ်နေပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ သူကဖိတ်ခေါ်တိုက်တွန်းနေပါတယ်။


“သားတစ်ဦးအနေနဲ့ ရိုးရှင်းတဲ့အရာတခုကိုပဲတောင်းဆိုပါတယ်။ မေမေ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ“လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်းလင်းက စစ်အုပ်စုကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံခရက်ဒစ်- The Independent
ဓာတ်ပုံခရက်ဒစ်- The Independent

လက်ရှိမှာ အာဏာသိမ်းစစ်တပ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ထားမရှိဘဲသတင်းအမှောင်ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မီဒီယာတွေကိုဖြေဆိုမှုပြုလုပ်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဧပြီ၁၈ရက်နဲ့၁၉ရက်နေ့မှာ စစ်အုပ်စုက နှစ်ကြိမ်တိုင်ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။


၂၀၂၃ ခုနှစ်၊ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာလူချင်း နောက်ဆုံးတွေ့ခွင့်ရခဲ့တဲ့သူက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွဒ် ဝီနိုင်းဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်သလို စိတ်ပိုင်းဆိုင်ရာလည်းကြံ့ခိုင်ကာ အကျပ်အတည်းတွေဖြေရှင်းဖို့ အတွက်ဆွေးနွေးမှုတွေကိုပါ ထောက်ခံတယ်လို့ပြောကြောင်း သိရပါတယ်။


အဲဒီနောက်ပိုင်း ဘာသတင်းမှမကြားရတော့သလို စစ်အုပ်စုကသူရှိနေနေတဲ့နေရာနဲ့အခြေအနေကိုထုတ်ဖော်ပြောဖို့ ငြင်းဆန်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာ စိုးရိမ်မှုတွေမြင့်တက်လာနေတာဖြစ်ပါတယ်။


၂၀၂၂၊ ဒီဇင်ဘာလမှာ သူ့ရဲ့ရှေ့နေအဖွဲ့နဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်းသုံးနှစ်နီးပါးအကြာ လက်ရှိအချိန်အထိ စစ်ကောင်စီကပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားပါတယ်။စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ရက် ၂၀၂၁၊ဖေ‌ဖော်ဝါရီ ၁ရက်ညထဲက ဒေါ်အောင်ဆန်း စုကြည်ကိုဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတာဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်လုပ်ခွင့်မပေးသလို ထိန်းသိမ်းထားတဲ့နေရာကိုလည်းလျို့ဝှက်ထားပါတယ်။


နှစ်ဆန်းတစ်ရက်နေ့လွတ်ငြိမ်းအမိန့်အရ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လေးနှစ်နဲ့ခြောက်လ လျော့ပေါ့ပေးလိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောတာကို ရိုက်တာသတင်းဌာနမှာဖော်ပြခဲ့တာကလွဲလို့ ဘယ်လိုသတင်းအစအနမျိုးမှ အခုထိထပ်ထွက်မလာသေးပါဘူး။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page