top of page

“နေရာပြောင်းရွှေ့တာက လွတ်မြောက်တာမဟုတ်ဘူး"

  • Writer: BVJ
    BVJ
  • May 1
  • 1 min read

◼️ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိကြောင်းသက်သေပြပေးဖို့ သားဖြစ်သူကိုထိန်လင်း တောင်းဆို

ဗညား/BVJ_ဧပြီ ၃၀၊ ၂၀၂၆

ဒီနေ့ ဧပြီလ ၃၀ ရက်မှာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပြစ်ဒဏ်လျှော့ပေါ့ပြီး သတ်မှတ်ထားတဲ့နေအိမ်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်း ထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီထုတ်ပြန်ချက်အပေါ် "နေရာပြောင်းရွှေ့တာက လွတ်မြောက်တာမဟုတ်ဘူး"လို့ သားဖြစ်သူကိုထိန်လင်း (Kim Aris)က ထုတ်ပြန်ချက်ထုတ်ပြီး တုံ့ပြန်လိုက်ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အသက်ထင်ရှားရှိကြောင်း သေသေချာချာသက်သေပြပေးဖို့ တောင်းဆိုထားပါတယ်၊၊


အာဏာသိမ်းစစ်ခေါင်းဆောင်အမိန့်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့နေအိမ်ပြောင်းပေးမယ်ဆိုတဲ့သတင်းတွေထွက်လာပေမယ့် အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသံယရှိနေတဲ့သူတွေထဲမှာ သားဖြစ်သူကိုထိန်လင်းလည်း ထိပ်ဆုံးကပါဝင်ပါတယ်။


“သားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကရိုးရှင်းပါတယ်။ ကျွန်တော့်အမေ အသက်ရှင်နေသေးတယ်ဆိုတာသိချင်ပါတယ်။ သူနဲ့ ဆက်သွယ်မှုရချင်ပါတယ်။ သူလွတ်မြောက်လာတာကို မြင်ချင်ပါတယ်”လို့ ကိုထိန်လင်းကပြောထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုရဲ့လှည့်ဖျားဖို့ကြိုးစားနေတာတွေကို အဓိပ္ပာယ်ရှိတဲ့ပြုပြင်ပြောင်းလဲမှုအဖြစ်မသတ်မှတ်လိုက်ကြဖို့ကိုလည်း သတိပေးတိုက်တွန်းထားပါတယ်။


ထောင်ကနေ လျှို့ဝှက်နေရာတစ်ခုကိုရွှေ့ပြောင်းတာက လွတ်မြောက်လာတာမဟုတ်ကြောင်း ၊ သူတို့သတ်မှတ်ထားတဲ့အိမ်ကဘယ်မှာလဲဆိုတာ စစ်အုပ်စုဘက်က အခုထိလျို့ဝှက်ထားကြောင်း၊ တရားဝင်ရင်းမြစ်တစ်ခုခုကနေ အခုထိ ဘာသတင်းအချက်အလက်မှ မရသေးကြောင်း၊ အခုထိ သူ့အမေဘယ်မှာရှိနေလဲဆိုတာ ဘယ်လိုနေနေရလဲဆိုတာတွေကို မသိရသေးကြေင်း၊ ဒါ့‌ကြောင့် သူ့အမေအသက်ရှင်နေသေးလားဆိုတဲ့ စိုးရိမ်ပူပန်မှုက သူ့မှာအမြဲရှိနေသေးကြောင်း၊ သူ့အမေအသက်ရှင်နေသေးတယ်ဆိုရင် အသက်ရှင်ကြောင်း သက်သေအထောက်အထားပြဖို့တောင်းဆိုကြောင်း ကိုထိန်လင်းထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။


၂၀၂၁ခုနှစ် အာဏာသိမ်းတဲ့အချိန်ထဲကဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာစစ်အုပ်စုရဲ့မတရားစွပ်စွဲချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရပြီး ပြစ်ဒဏ်နှစ်ကြီမ်လျှော့ပေါ့ပြီးသွားတဲ့အချိန်မှာတောင် ထောင်ဒဏ် (၂၀) နီးပါးကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page