top of page

ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေလွတ်မြောက်ရေး UNနဲ့EUအပါအဝင် နိုင်ငံတကာက ကြိုးစားပေးဖို့ တောင်းဆို

  • Writer: BVJ
    BVJ
  • Apr 21
  • 1 min read

မိုနာ/BVJ_ဧပြီ ၂၁၊ ၂၀၂၆

၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပုံ(ဓါတ်ပုံ-AFP)
၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပုံ(ဓါတ်ပုံ-AFP)


အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံ၊ အမေရိကန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်နေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေက အထူးအလေးထားဆောင်ရွက်ပေးကြဖို့ဆိုပြီး အဖွဲ့အစည်း ၆၀နီးပါးက ဒီနေ့ ဧပြီ ၂၁ရက်နေ့လယ်မှာ တောင်းဆိုလိုက်ပါတယ်။

 

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး ထိရောက်သည့်ဖိအားပေး တောင်းဆိုမှုများလုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းများသို့ တောင်းဆိုခြင်း”ဆိုပြီး နိုင်ငံ‌ရေးအကျဉ်းသားအ‌ရေး‌ဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ သပိတ်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၅၈ဖွဲ့က ပူးတွဲထုတ်ပြန်လာတာပါ။

 

တောင်းဆိုမှုတွေထဲမှာ စစ်အုပ်စုက နိုင်ငံတကာကိုလှည့်စားဖို့ဖော်ဆောင်လာတဲ့ တရားမဝင် အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့၊ လေကြောင်းဗုံးကြဲနေမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လေယာဉ်ဆီရောင်းချနေမှုတွေကိုရပ်တန့်ဖို့၊ မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စစ်တပ်ကို နိုင်ငံတကာဥပဒေအရအရ တာဝန်ခံစေရေးကြိုးပမ်းပေးဖို့၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေတဲ့ ရာဇဝတ်မှုတွေအမြန်ဆုံးရပ်တန့်ဖို့ ထိရောက်မြန်ဆန်တဲ့ ဖိအားပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ပေးဖို့ဆိုပြီး ပါဝင်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် Blue Shirt Campaign လူထုလှုပ်ရှားမှုကိုလည်း အခုလ ၁၂ရက်ကနေ ဒီနေ ၂၁ရက်အထိလုပ်ဆောင်နေပါတယ်။

 

ကသာလူထုအောင်လံ သပိတ်စစ်ကြောင်းက FREE ALL လှုပ်ရှားမှုပြုလုပ်နေပုံ။(ဓါတ်ပုံ-၅/ကသာလူထုအောင်လံသပိတ်အဖွဲ့)
ကသာလူထုအောင်လံ သပိတ်စစ်ကြောင်းက FREE ALL လှုပ်ရှားမှုပြုလုပ်နေပုံ။(ဓါတ်ပုံ-၅/ကသာလူထုအောင်လံသပိတ်အဖွဲ့)

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း ခိုင်မာတဲ့အထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကိုလည်း ဒီနေ့မှာစတင်လိုက်တယ်လို့ All in One Piece Movement က ကြေညာထားပါတယ်။

အခု Proof of life လှုပ်ရှားမှုဟာ သားငယ်ကင်အဲရစ်(ခ)ကိုထိန်လင်းရဲ့ အရိုးရှင်းဆုံးဆန္ဒတစ်ခုဖြစ်တဲ့ အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ရှိနေသေးကြောင်းကို သက်သေနဲ့ပြပေးဖို့အတွက်တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

 

အခုလ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)မှာ သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ကလွတ်မြောက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ထားတော့မယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန်ထွက်လာပေမယ့် လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းအစအနကို စစ်အုပ်စုကထုတ်ပြောတာမရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ်အပေါ်  စိုးရိမ်မှုတွေရှိနေကြပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page