ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ပြင်သစ်သမ္မတဆောင်ရွက်နေ
- BVJ

- Jul 9
- 1 min read
မိုနာ/BVJ_ ဇူလိုင် ၉၊ ၂၀၂၆

စစ်အုပ်စုဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေဆက်လက်ပြုလုပ်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်)ကိုထိန်လင်းဆီကို စာပေးပို့ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမှာဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်အသက်ရှိနေကြောင်းသက်သေပြဖို့အတွက်တောင်းဆိုနေတဲ့ "Proof of Life" လှုပ်ရှားမှုကိုလည်း ကြိုဆိုကြောင်း ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းဆီကို ပို့တဲ့စာထဲမှာဖော်ပြပါတယ်။
ပြီးတော့ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်ကတောင်းဆိုထားတဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့မိခင်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံနိုင်ရေးအပေါ်ကိုလည်း ပြင်သစ်နိုင်ငံက ထောက်ခံကြောင်းနဲ့ပြီးခဲ့တဲ့လ မေ ၂၅ ရက်နေ့မှာ ပါရီမြို့ကိုလာရောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့တွေ့ဆုံချိန်မှာလည်း ဒီကိစ္စကိုတင်ပြဆွေးနွေးခဲ့တယ်လို့ စာထဲမှာပြောထားပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့လှုပ်ရှားမှု၊ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေအပေါ်မှာ အီးယူရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၁ နှစ်သက်တမ်းတိုးထားတယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။

ပြင်သစ်သမ္မတရဲ့အခုစာနဲ့ပတ်သက်ပြီး ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက "အာဆီယံက ကျွန်တော့်အမေနဲ့ တွေ့ခွင့်တောင်းဆိုခဲ့တာကို ပြင်သစ်နိုင်ငံက ထောက်ခံခဲ့သလို၊ ကျွန်တော့်အမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာလည်း ကျွန်တော့်အတွက် အားတက်စရာပါ။
ဒီနေ့အထိ ကျွန်တော်တို့မိသားစုဟာ ကျွန်တော့်အမေနဲ့ အဆက်အသွယ် လုံးဝမရသေးပါဘူး။ မေမေ အသက်ရှင်နေသေးလားဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်"လို့ သူ့ရဲ့လူမှုကွန်ရက်Facebookမှာ ဒီနေ့ ဇူလိုင် ၉ရက်မနက်ကရေးထားပါတယ်။
မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးတဲ့ ပြင်သစ်သမ္မတကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါတယ်။
စစ်အုပ်စုသမ္မတရုံး ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာပြစ်ဒဏ်ကျနေသူဖြစ်တဲ့အတွက် နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်မပေးနိုင်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်ကသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။




Comments