ဟော်မုဇ်ရေလက်ကြားကို အီရန်ထပ်မံပိတ်ဆို့၊ သင်္ဘောတွေတိုက်ခိုက်ခံနေရ
- BVJ

- Apr 20
- 1 min read
အေတီ/BVJ- ဧပြီ ၁၉၊၂၀၂၆

ဟော်မုဇ် ရေလက်ကြားအတွင်း ကုန်သွယ်ရေးသင်္ဘောတွေဖြတ်သန်းခွင့် အီရန်ကထပ်မံပိတ်ပင်လိုက်ပြီး ချဉ်းကပ်လာတဲ့ဘယ်သင်္ဘောကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။
စနေနေ့က အဆိုပါရေလက်ကြားအတွင်း ဆီတင်သင်္ဘောတစ်စီးအပါအဝင် သင်္ဘောအချို့ကို အီရန်အစိုးရကတိုက်ခိုက်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် အခုလိုပိတ်ဆို့မှုထပ်ဖြစ်လာတာပါ။
အမေရိကန်ရဲ့ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် အခုလိုဆုံးဖြတ်ရတာဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကပြောပါတယ်။ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့မယ်လို့ ကြေညာချက်ထုတ်ပြန်တာဟာ အီရန် နိုင်ငံခြားရေးဝန်ကြီးကဟော်မုဇ်ရေလက်ကြားကို ယာယီပြန်ဖွင့်ပေးမယ်လို့ကြေညာပြီး တစ်ရက်အကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မယ်လို့ခြိမ်းခြောက်ပြီး အမေရိကန်ကို "ခြောက်လှန့် ငွေညှစ်တာတွေ လုပ်လို့မရဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန်ထားပါတယ်။ဟော်မုဇ်ရေလက်ကြားကို အီရန်က နှစ်လနီးပါး ပိတ်ဆို့ခဲ့မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ အလွန်အမင်းမြင့်တက်နေပါတယ်။
သောကြာနေ့ညကစပြီး သူတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာ သင်္ဘောအချို့ ဖြတ်သန်းခွင့်ပေးခဲ့ပေမယ့် အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုမရပ်တန့်မချင်း ပြန်ပိတ်ထားမယ်လို့ အီရန်အစိုးရကပြောပါတယ်။
အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ပိတ်ဆို့ထားမှုမှာ နှစ်နိုင်ငံကြားငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်းဆက်ရှိနေမယ်လို့ သမ္မထရမ့်ကသောကြာနေ့က ပြောပါတယ်။ လက်ရှိ နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးမှာလည်း ဧပြီလ ၂၂ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
စနေနေ့က အီရန်ရေတပ်သင်္ဘောနှစ်စီးက ဟော်မုဇ်ရေလက်ကြားရှိ ဆီတင်သင်္ဘောတစ်စီးကိုပစ်ခတ်ခဲ့ပါတယ်။ ပြီးတော့ အိုမန် မြောက်ဘက်ကမ်းလွန်မှာလည်း ကွန်တိန်နာ သင်္ဘောတစ်စီးအပစ်ခံရပြီး ကွန်တိန်နာအချို့ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအလံတင်သင်္ဘောနှစ်စီးပစ်ခတ်ခံရတဲ့အတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်သံအမတ်ကိုခေါ်ယူပြီးပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောဖြတ်သန်းမှုသိသိသာသာလျော့ကျသွားခဲ့ပါတယ်။ကမ္ဘာ့ရေနံနဲ့သဘာဝဓာတ်ငွေ့ (LNG) ၂၀ ရာခိုင်နှုန်းခန့်ဟာ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသယ်ဆောင်နေရတာဖြစ်တာပြီး ရေလက်ကြားပိတ်ဆို့ခံရမှုအကျိုးဆက်ကြောင့် ရေနံတစ်စည်ဈေးနှုန်း ဒေါ်လာ ၁၀၀ အထက်အထိ မြင့်တက်ခဲ့ဖူးပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments