ရှမ်းမြောက်ဒေသတခုလုံးတည်ငြိမ်အေးချမ်းနေတာကြောင့် အဓိကရုဏ်းဖြစ်အောင်သွေးထိုးလှုံ့ဆော်မှုတွေရှိနေဟု MNDAAကြေညာ

ယူဂရင်း/BVJ_အောက်တိုဘာ ၂၇၊ ၂၀၂၆

လက်ရှိအချိန်မှာ အထူးဒေသ(၁)အပါအတင် ရှမ်းမြောက်ဒေသတခုလုံး တည်ငြိမ်အေးချမ်းနေတာကြောင့် တိုင်းရင်းသားတွေအကြားရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ ကိုးကန့်တပ် - MNDAAက ဒီနေ့ အောက်တိုဘာ ၂၇ရက်မှာပြောပါတယ်။
ရှမ်းတပ်မတော် - SSPP၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - SNLDတို့ပါဝင်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ပူးတွဲလှုပ်ရှားမှုကော်မတီ - SSJAC က အောက်တိုဘာ ၂၃ရက်မှာ MNDAAနဲ့ပတ်သက်တဲ့စွပ်စွဲထုတ်ပြန်ချက်တွေအပေါ်မှာ MNDAAက ဒီနေ့မှာ အိတ်ဖွင့်ပေးစာနဲ့ ရှင်းလင်းလာတာဖြစ်ပါတယ်။
SSJACသို့ဆိုတဲ့ MNDAAရဲ့အိတ်ဖွင့်ပေးစာထဲမှာ SSJACကဖော်ပြထားတဲ့ ဘာသာစကားနဲ့ပညာရေးဆိုင်ရာကိစ္စရပ်၊ မြေယာပိုင်ဆိုင်ခွင့်နဲ့နိုင်ငံခြားသားဝင်ရောက်လွှမ်းမိုမှု ကိစ္စရပ်၊ သမိုင်းဝင် ယဉ်ကျေးမှုလက္ခဏာတွေနဲ့ မြို့ရွာအမည်တွေ ကိစ္စရပ်၊ လူ့အခွင့်အရေးနဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိစ္စရပ်တွေဟာ မှားယွင်းစွပ်စွဲထားတာတွေဖြစ်ကြောင်းနဲ့ ဒီပေါ်မှာတချက်ချင်းစီ ပြန်လည် တုန့်ပြန်ထားတာတွေ့ရပါတယ်။
SSJACရဲ့ အဲ့ဒီထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေမှန်နဲ့လုံးဝကင်းကွာပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ကြောင်းနဲ့ အခုလိုထုတ်ပြန်လိုက်တာဟာ "ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး" မူဝါဒကိုကျောခိုင်းရာရောက်တာကြောင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့လည်း MNDAAကပြောထားပါတယ်။

လက်ရှိမှာ အထူးဒေသ(၁)အပါအဝင် ရှမ်းမြောက်တခုလုံးအေးချမ်းနေတာကြောင့် စီးပွားရေး၊ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍတွေမှာအထူးတိုးတက်အောင်ဆောင်ရွက်နေပြီး တိုင်းရင်းသားအားလုံးတန်းတူညီမျှရေး၊နှစ်သက်ရာဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့်ရရေးတို့ကို လက်တွေ့အကောင်အထည်ဖော်နေတယ်လို့ အိတ်ဖွင့်စာမှာဖော်ပြပါတယ်။
ဒီပေါ်မှာ နှောက်ယှက်ဖျက်ဆီးလိုသူတွေက ရည်ရွယ်ချက်ရှိရှိ တိုင်းရင်းသားတွေအကြား အဓိကရုဏ်းဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်နေတာရှိကြောင်းနဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှတဲ့ကိုယ့်ကြမ္မာကိုယ် ဖန်တီးတည်ထောင်ခွင့်မရအောင် နှောက်ယှက်ဖျက်ဆီးနေတာဖြစ်တယ်လို့ MNDAAကပြောထားပါတယ်။
ဒါကြောင့် MNTJP/MNDAAအနေနဲ့ ပြည်သူအကျိုးစီးပွားရှေးရှုပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားတွေ အတူတကွစည်းလုံးညီညွတ်စွာယှဉ်တွဲနေထိုင်ရေးကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်မယ်လို့ ဆိုထားပါတယ်။
SSJACရဲ့ခြိမ်းခြောက်မှုကိုလည်း လုံးဝလက်ခံမှုမဟုတ်ဘဲ မှားယွင်းတဲ့စွပ်စွဲချက်တွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ တိုင်းရင်းသားတွေအကြား ပဋိပက္ခဖြစ်ပွားအောင်ရည်ရွယ်တဲ့ နိုင်ငံရေး၊လူမှုရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန်တုန့်ပြန်ကာကွယ်သွားပြီး အခုသွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို SSJACကအပြည့်အဝတာဝန်ခံရမယ်လို့ MNDAAကတန်ပြန်သတိပေးထားပါသေးတယ်။

အခုလ ၂၃ရက်ကထုတ်ပြန်ခဲ့တဲ့ SSJACရဲ့ကြေညာချက်ထဲမှာ MNDAA ထိန်းချုပ်နယ်မြေအတွင်း ဒေသခံတွေနဲ့မရင်းနှီးတဲ့ ဘာသာစကားကို အတင်းအကျပ်သုံးစွဲသင်ယူခိုင်းတာ၊ ဘိုးဘွားပိုင်မြေတွေကို ပိုင်ရှင်ဆန္ဒမပါဘဲ အတင်းအဓမ္မသိမ်းယူတာ၊ သမိုင်းဝင်မြို့၊ရွာအမည်တွေ ပြောင်းလဲပစ်တာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာတွေရှိနေတယ်လို့ ဖော်ပြထားတာဖြစ်ပြီး အဲဒီလုပ်ရပ်တွေကိုမရပ်တန့်ခဲ့ရင် ပြင်းထန်တဲ့ နိုင်ငံရေးနဲ့လူမှုရေးတုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သတိပေးဖော်ပြထားတာဖြစ်ပါတယ်။




Comments