top of page

SRFဥက္ကဋ္ဌကို မင်းကင်းပအဖအဖွဲ့အင်အားသုံးဖမ်းဆီးမှုအပေါ် တော်လှန်ရေးတပ်ဖွဲ့တွေ ရှုတ်ချ

  • Writer: BVJ
    BVJ
  • May 27
  • 1 min read

မိုနာ/BVJ_မေ ၂၇၊ ၂၀၂၆

ဓါတ်ပုံ-SRF
ဓါတ်ပုံ-SRF

ကျောင်းသားတော်လှန်ရေးတပ်တော်-SRFဥက္ကဋ္ဌ ကိုစံတင်ထွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGလက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ပအဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက မနေ့က မေလ ၂၆ရက်ညနေဘက်မှာဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ SRFကထုတ်ပြန်ပါတယ်။


မေလ ၂၆ ရက်၊နေ့လယ် နှစ်နာရီအချိန်မှာ SRFဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ်ကြားကာလ အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးတို့ အွန်လိုင်းကနေအစည်းအဝေးလုပ်ခဲ့ကြပြီး အဲ့ဒီအစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌကိုစံတင်ထွန်းကို တိုင်းတာဝန်ခံ ဒူဂျွန် ၊ဒူဝါတို့ကလုံခြုံရေးအာမခံပြီး အညာလည်ရွာကိုတွေ့ဆုံဖို့ချိန်းဆိုတာကြောင့် ကိုစံတင်ထွန်းနဲ့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ပြည်သူတွေတွေ့ဆုံဖို့သွားရောက်ချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ SRFကမနေ့က မေ ၂၆ရက်ညပိုင်းမှာထုတ်ပြန်ထားပါတယ်။


မင်းကင်းမြို့နယ် ပအဖနဲ့ပကဖ ၊ တပ်ရင်းတပ်ဖွဲ့တွေက လမ်းကဖြတ်တိုက်ခိုက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌကိုစံတင်ထွန်းကိုလည်း ပစ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့လည်းပြောထားပါတယ်။


"ဖမ်းဆီးရာတွင် ပြည်သူများမှ ဝိုင်းဝန်းကာကွယ်ကြရာ ပြည်သူများအားဆက်လက်ပစ်ခတ်မှုကြောင့် အမျိုးသားပြည်သူတစ်ဦးနှင့် အမျိုးသမီးပြည်သူတစ်ဦး ကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ဥက္ကဋ္ဌ ကိုစံတင်ထွန်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယခုထိမသိရှိရသေးဘဲ အသက်အန္တရာယ်လုံခြုံမှုအတွက် စိုးရိမ်နေရပါသည်"လို့ SRFက ထုတ်ပြန်ပါတယ်။


ဒါ့အပြင် လက်ရှိပဋိပက္ခကို လူချင်းတွေ့ဆုံဆွေးနွေးဖို့ လုံခြုံရေးအာမခံကာဆက်သွယ်မှုကြောင့် လက်ခံသွားခဲ့ပေမယ့် တဖက်ကသဘောတူညီချက်ချိုးဖောက်ပြီး အခုလိုလက်နက်သုံးပစ်ခတ်ဖမ်းဆီးခြင်းကို အပြင်းအထန်ရှုတ်ချကြောင်းနဲ့ ဥက္ကဌကိုစံတင်ထွန်းကိုချက်ခြင်းလွှတ်ပေးဖို့ SRFတပ်တော်ကတောင်းဆိုထားပါတယ်။

S.R.Fဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့ကြောင်း ၂၀၂၅၊ အောက်တိုဘာ ၂၁ရက်ကထုတ်ပြန်ခဲ့ပုံ။
S.R.Fဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့ကြောင်း ၂၀၂၅၊ အောက်တိုဘာ ၂၁ရက်ကထုတ်ပြန်ခဲ့ပုံ။

SRFဥက္ကဌ အင်အားသုံးဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)တို့ကလည်း ရှုတ်ချကြောင်း ဒီနေ့ မေ ၂၇ရက်မနက်မှာထုတ်ပြန်လာပါတယ်။


အဲ့ဒီထဲမှာ SRFနဲ့မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့အကြားဖြစ်‌ပွားခဲ့တဲ့ မိတ်ဘက်ပဋိပက္ခတွေကို တော်လှန်ရေးအဖွဲ့အစည်းချင်း အပြန်အလှန်လေးစားမှုထား တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရမယ့်အစား အခုလိုအင်အားသုံး‌‌‌‌ဖြေရှင်းတဲ့နည်းလမ်းကို ဆန့်ကျင်ရှုတ်ချကြောင်း နဲ့ နှစ်ဘက်ပြဿနာပြေလည်စေရေးအတွက် သွားရောက်ဝန်းရံတောင်းဆိုကြတဲ့ လက်နက်မဲ့ ပြည်သူတွေထိခိုက်စေတဲ့လုပ်ရပ်နဲ့အတူ ပြည်သူလူထုရဲ့ထိန်းကျောင်းမှုကို လက်မခံတဲ့လုပ်ဟန်တွေကိုပါ ဆန့်ကျင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။


ပြီးတော့ ရန်သူ့အထွေထွေထိုးစစ်ပြင်းထန်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေအားလုံး စည်းလုံးညီညွတ်စွာခုခံတွန်းလှန်ရေးသည်သာ ဦးစားပေးရမယ့်လုပ်ငန်းဖြစ်ကြောင်းနဲ့ SRFဥက္ကဌ ရဲဘော်စံတင်ထွန်းကိုချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အရင်းခံပြဿနာတွေကိုတွေ့ဆုံညှိနှိုင်းဖြေရှင်းကြဖို့ဆိုပြီး တောင်းဆိုထားပါတယ်။


အရင်ကလည်း မင်းကင်းမြို့နယ် ပအဖနဲ့တပ်ရင်းတပ်ဖွဲ့တွေက SRFတပ်ဖွဲ့ဝင် ၆ ဦးကိုဖမ်းဆီးထားတယ်လို့ SRFက အခုမေလ ၂၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါသေးတယ်။


မင်းကင်းပအဖရဲ့ မေလ ၂၄ ရက်မှာထုတ်ပြန်ချက်မှာတော့ SRFတပ်ဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးတခုထဲကိုသာလုပ်ဆောင်နေတာမဟုတ်ဘဲ NUG ယန္တရားတွေရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးတွေမှာ ဝင်ရောက်စွက်ဖက်နေပြီး အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေစင်ပြိုင်ထောင်တာ၊ NUG လက်အောက်ခံ ပအဖ၊ ပကဖ တွေကို လက်နက်ကိုင်အင်အားသုံးပြီး ဖမ်းဆီးသတ်ဖြတ်တာ၊ NUG အစိုးရပုံရိပ်ကျအောင် ဒေသခံပြည်သူလူထုကို မကြာခဏဆန္ဒပြပွဲတွေဖြစ်ဖို့ စည်းရုံးလှုံ့ဆော်တာ၊ ဥပဒေမဲ့ တပ်သား စုဆောင်းရေးလုပ်တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် ကျူးလွန်ထားတဲ့ အမှု ၈ ခုနဲ့သက်ဆိုင်ရာဝန်ကြီးဌာနဆီ တရားစွဲဆိုထားကြောင်းဖော်ပြပါတယ်။


SRFကလည်း စင်ပြိုင်အုပ်ချုပ်ရေးတည်ဆောက်ခဲ့ခြင်းမရှိကြောင်းနဲ့ စွပ်စွဲထားတဲ့အမှု ၈ခုကိုလည်း တပ်တော်အနေနဲ့တရားဝင်ဖြေရှင်းဖို့ဆန္ဒရှိပြီး ဖမ်းဆီးထားတဲ့ရဲဘော် ၆ ယောက်ကလည်း မင်းကင်းပအဖစွပ်စွဲထားတဲ့အမှုတွေနဲ့ပတ်သက်နေသူတွေဆိုပါက တရားဝင်တရားရုံးတင်ပေးဖို့နဲ့မပတ်သက်ရင် ပြန်လွှတ်ပေးဖို့ဆိုပြီး ‌ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page