စစ်ဒေသအလိုက် စစ်ရေးကော်မတီတွေဖွဲ့စည်းဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ကြေညာ

အဖွဲ့ဝင်တွေ စစ်ဥပဒေချိုးဖောက်မှုနဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိလာရင် ထိန်းကျောင်းဖို့ပြင်ဆင်
ယူဂရင်း/BVJ_အောက်တိုဘာ ၉၊ ၂၀၂၆

တပ်ပေါင်းစုလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေဖို့နဲ့စီမံခန့်ခွဲမှုအားကောင်းလာစေဖို့ဖို့ရည်ရွယ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီအတွက် အထွေထွေအတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး (၁)နဲ့(၂)တို့ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကိုစတင်ဖွဲ့စည်းလိုက်ပြီလို့ SRAကမနေ့က အောက်တိုဘာ ၈ရက်ညပိုင်းမှာကြေညာပါတယ်။
ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၈ရက်ကနေ ၃၀ရက်အထိ SRAရဲ့ဒုတိယအကြိမ်ညီလာခံကိုကျင်းပခဲ့ပြီး အဲ့ဒီညီလာခံအတွင်းမှာ တပ်ပေါင်းစုဦးဆောင်ကော်မတီဟာ စစ်ရေး၊နိုင်ငံရေး မူဝါဒဦးဆောင်အဖွဲ့ဖြစ်ကြောင်းကို ညီလာခံမှာထပ်မံအတည်ပြုခဲ့ကြောင်းနဲ့ ဆက်လက်ပြီး စစ်ဒေသအလိုက်မှာ စစ်ရေးကော်မတီတွေဖွဲ့စည်းသွားဖို့၊ SRA အဖွဲ့ဝင်တွေ စစ်ဥပဒေချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိလာပါက လိုအပ်တဲ့ထိန်းကျောင်းအရေးယူမှုတွေပြုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံနဲ့မူဝါဒတချို့ကို ပြင်ဆင်နိုင်ခဲ့တယ်လို့ ကြေညာချက်အရသိရပါတယ်။
ပြီးတော့ SRAအနေနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးတို့အတွက် မဟာမိတ်အဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း ပြောထားပါတယ်။

SRAရဲ့ဒုတိယအကြိမ်ညီလာခံမှာ SCEFကိုယ်စား NUGယာယီသမ္နတ ဒူဝါလရှီးလ၊ AAရဲ့ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ်(WLB) အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ ABSDF ဥက္ကဌ ရဲဘော်သံခဲနဲ့ SRAဦးဆောင်ကော်မတီဝင် KNDFဥက္ကဌ ခွန်းဘီးဒူးတို့က အဖွင့်အမှာစကားပြောခဲ့ပြီး SRAဦးဆောင်ကော်မတီဝင်တွေ၊ SRAအဖွဲ့ဝင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တပ်မှူးတွေနဲ့ လေ့လာသူတွေ စုစုပေါင်း (၉၅)ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ချင်းညီနောင်-CB၊ ဓနုလွတ်မြောက်ရေးတပ်တော်-DPLFစတဲ့ နွေဦးတော်လှန်ရေးမှာပေါက်ဖွားလာတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (၁၉)ဖွဲ့စတင်ပြီးနဲ့ SRAကို ပြီးခဲ့တဲ့ ၂၀၂၅၊ဒီဇင်ဘာမှာစတင်ဖွဲ့စည်းခဲ့တာပါ။




Comments