မြန်မာနိုင်ငံသားတွေပြန်ပို့ခံရမယ့်ကိစ္စစိုးရိမ်နေကြချိန်မှာပဲ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနိုင်ငံကိုသွားရောက်

သူရ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံသားထောင်ပေါင်းများစွာကို ပြန်လည်ပို့ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလိုလားနေချိန် အဲဒီလိုပြန်လည်ပို့ဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုနေချိန်မှာပဲ အခုခရီးစဉ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီခွဲ (04:30 GMT) မှာ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရက်ကြာခရီးစဉ်ဟာ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံကိုပြန်သွားရမယ့်သူတွေ အကြီးအကျယ်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကသတိပေးနေတဲ့ကြားထဲကနေ မြန်မာနိုင်ငံသားတွေကိုပြန်လည်ပို့ဆောင်မယ့်အငြင်းပွားဖွယ်အစီအစဉ်ကို မလေးရှားဘက်ကဆက်ပြီးတွန်းအားပေးလုပ်ဆောင်နေတဲ့အချိန်မှာ ရောက်ရှိလာတာဖြစ်ပါတယ်။
"ဒီခရီးစဉ်ကနေတဆင့် ဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ့်အခွင့်အလမ်းကို ရရှိစေပါတယ်"လို့ မလေးရှားအစိုးရက အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
နှစ်နိုင်ငံဆွေးနွေးမယ့် အဓိကကိစ္စရပ်တွေထဲမှာတော့ "မလေးရှားမှာ တရားမဝင်ရောက်ရှိနေကြတဲ့ လူမျိုးစုပေါင်းစုံကမြန်မာနိုင်ငံသားတွေကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့လုံခြုံစွာပြန်လည်ပို့ဆောင်ရေး" ကိစ္စတွေပါဝင်တယ်လို့လည်း ဆိုပါတယ်။
"အစီအစဉ်ထဲမှာ လက်ရှိမလေးရှားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာပြန်လည်ပို့ဆောင်ရေးဆွေးနွေးချက်တွေပါဝင်မှာပါ" လို့ မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာများ ပြန်လည်ပို့ဆောင်ရေး
မလေးရှားနိုင်ငံမှာတော့ ဒီနှစ်အစောပိုင်းက အွန်လိုင်းပေါ်မှာမုန်းတီးရေးစကားတွေနဲ့ မှားယွင်းတဲ့သတင်းတွေပျံ့နှံ့ခဲ့ပြီးနောက် စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေအပေါ် အထူးသဖြင့် ၂၀၁၇ ခုနှစ်ကရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့နှိမ်နင်းမှုတွေကြောင့်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိအားတွေပိုများလာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ပေါ့တ်ကတ်စ် (podcast)တခုမှာ ဝန်ကြီးချုပ် အန်ဝါက ပြောကြားရာမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေပြန်လာမှုကို မြန်မာဘက်က လက်ခံမယ်ဆိုရင် မင်းအောင်လှိုင်ကိုတရားဝင်ခရီးစဉ်အဖြစ် ဖိတ်ကြားသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။
အန်ဝါရဲ့ပြောကြားချက်အရ မလေးရှားနိုင်ငံဟာ ဇန်နဝါရီလကစပြီး မြန်မာနိုင်ငံသား ၁၀,၀၀၀ ခန့်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်ပြီး ပြန်လာမယ့်သူတွေကို ဘေးအန္တရာယ်မဖြစ်စေရဘူးလို့ မြန်မာအာဏာပိုင်တွေဘက်ကအာမခံချက်ပေးထားတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ စာရင်းသွင်းထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့် ရှိနေပြီး အဲ့ဒီအထဲမှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒုက္ခသည်အသိုင်းအဝိုင်းတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့်လည်း ပါဝင်နေပါတယ်။
ဒုက္ခသည်များကိုလက်ခံထားသော်လည်း မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကိုလက်မှတ်ရေးထိုးထားခြင်းမရှိဘဲ ဒုက္ခသည်များကိုစာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများအဖြစ်သာ ဆက်ဆံလေ့ရှိပါတယ်။
မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်မှာစစ်အာဏာသိမ်းခဲ့တာကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့်သေဆုံးပြီး လူဦးရေ ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်မီးတောက်လောင်မှုကိုဖြစ်ပေါ်စေခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာမငြိမ်မသက်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးကို အရပ်သားရာထူးတစ်ခုရယူနိုင်စေဖို့ စစ်တပ်ကဝေဖန်မှုတွေ အများကြီးကြားကနေ ရွေးကောက်ပွဲတစ်ခုကို စီစဉ်ဖန်တီးခဲ့တာဖြစ်ပြီး အဲဒီအကူးအပြောင်းကနေတစ်ဆင့် မြန်မာနိုင်ငံနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာမှုတွေရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလမှာ သမ္မတအဖြစ်တရားဝင်ဖြစ်လာကတည်းက မင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေအပြင် တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကိုလည်းသွားရောက်ခဲ့ပါတယ်။
ခရက်ဒစ်- AL Jazeera




Comments