တော်လှန်ရေးကျင့်ဝတ်အပြည့်နဲ့တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ ၁၉ဖွဲ့ပေါင်းပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း
- BVJ

- Dec 16, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၆၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့စုပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ရက်ညမှာ ကြေညာပါတယ်။
လက်ရှိဖွဲ့စည်းလိုက်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ 96 Soliders ၊ ဗမာ့တပ်တော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA) ၊ ချင်းညီနောင် (CB) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Force Federal Democracy (FFD) ၊ GZA (Generation Z Army) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/ PPDF-KD) ၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) ၊ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်ကြပါတယ်။

အဲ့ဒီ ၁၉ဖွဲ့ဟာ အခု ၂၀၂၅ ခုနှစ် မေလမှာစတင်ညှိုနှိုင်းပြီးနောက် နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ဖွဲ့စည်းလိုက်ကြောင်းနဲ့ အခုလို မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းနိုင်ဖို့အတွက် နိုဝင်ဘာလ ၁၄ ရက်မှာ ကနဦးအနေနဲ့ တော်လှန်းရေးအင်အားစု အဖွဲ့ ၁၄ ဖွဲ့နဲ့ စတင်ဆွေးနွေးခဲ့တာဖြစ်ပြီး အားလုံးသဘောတူညီချက်အရ တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိ သုံးရက်ကြာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီညီလာခံကနေတဆင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance -SRA) ကို အဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တခြား နွေဦးတော်လှန်ရေးအင်အားစုတွေကိုလည်း ထပ်မံဖိတ်ခေါ်မှာသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေး အတူတိုက်ပွဲဝင်သွားမယ်၊ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ် တပ်ပေါင်းစုအသွင်အနေနဲ့ရပ်တည်မယ်၊ ရှင်းလင်းပြီးထိရောက်အားကောင်းတဲ့ ကွပ်ကဲမှုယန္တရား တစ်ရပ်ပေါ်ပေါက်လာဖို့လုပ်ဆောင်သွားမယ်လို့ နွေဦးတော်လှန်ရေးမဟာ မိတ်တပ်ပေါင်းစုကဆိုထားပါတယ်။
ဒါ့အပြင် တပ်ပေါင်းစုအနေနဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ဗျုဟာမြောက်ခုခံတွန်းလှန်သွားနိုင်ဖို့နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကြား စုစည်းညီညွတ်မှုကိုအားကိုအခြေပြုပြီး တော်လှန်ရေးကျင့်ဝတ်အပြည့်နဲ့ ပြည်သူလူထုရဲ့ ဖက်ဒရယဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးလိုလားချက်တွေ ရရှိတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာပါတယ်။
ဓါတ်ပုံ- နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သော တပ်ဖွဲ့များ







Comments