သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်အချို့ လွတ်မြောက်လာ
- BVJ

- Mar 2
- 1 min read
Updated: Mar 3
မိုနာ/BVJ_မတ် ၂၊ ၂၀၂၆
ဒီနေ့ မတ်လ ၂ရက်နေ့လွတ်မြောက်လာသူတွေထဲမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်၊ ကြည့်မြင့်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို စစ်အုပ်စုကကားနဲ့တိုက် အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်အတွင်း ဖမ်းဆီးထောင်ချထားတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းလည်းပါဝင်ပါတယ်။

ဖမ်းဆီးပြီးနောက် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ပုဒ်မ ၅၀၅-က နဲ့ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး နောက်ထပ် အကြမ်းဖက်မှုပုဒ်မ ၅၀ (ည) နဲ့သင်္ဃန်းကျွန်းမြို့နယ် ခရိုင်တရားရုံးမှာ ထပ်မံတရားစွဲဆိုခဲ့တာပါ။
မမှူးရတနာခက်မို့မို့ထွန်းဟာ ကားနဲ့တိုက်ဖမ်းဆီးခံခဲ့ရတဲ့ဒဏ်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ခြေထောက်နှစ်ဖက်လုံးထိခိုက်ဒဏ်ရာရခဲ့တာကို ထောင်တွင်းမှာလနဲ့ချီကုသခဲ့ရကာ ဝှီးချဲ ၊ ချိုင်းထောက်တွေသုံးပြီး ခက်ခက်ခဲခဲလှုပ်ရှားသွားလာခဲ့ရသူဖြစ်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။
သပိတ်ဖြိုခွင်းချိန်အတွင်း သူနဲ့အတူဖမ်းဆီးခံခဲ့ရသူတချို့ကတော့ ပြီးခဲ့တဲ့နှစ်တွေက လွတ်မြောက်ခဲ့ကြပေမယ့် နောက်ထပ်တစ်မှုနဲ့ထပ်တရားစွဲခံရတဲ့ မမှူးရတနာခက်မို့မို့ထွန်းကတော့ အခုမှလွတ်မြောက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့လွတ်မြောက်လာသူတွေထဲမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးနဲ့ နွေးရတီတိုးတို့ပါဝင်လာတယ်လို့လည်း နီးစပ်သူတွေကအတည်ပြုပါတယ်။
ကိုထက်ပိုင်စိုးကို စစ်အုပ်စုက ၂၀၂၃၊ ဧပြီ ၂၁ရက်က ရန်ကုန်၊ လေးထောင့်ကန်လမ်းမပေါ်မှာ ဖမ်းဆီးခံကာ ဇွန် ၃၀ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ချမှတ်ထားတာဖြစ်ပြီး ဒီနေ့မှလွတ်မြောက်လာသူတွေထဲမှာပါဝင်ပါတယ်။ကိုထပ်ပိုင်စိုးနဲ့အတူ အမှုတွဲဖြစ်တဲ့ မနွေးရတီတိုးလည်း ဒီနေ့မှာလွတ်မြောက်လာပါတယ်။
ပြီးတော့ စစ်အုပ်စုကဖမ်းဆီးပြီး ထောင် ၁၅နှစ်ချမှတ်ထားတဲ့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မဆုရည်လင်းလည်း လွတ်မြောက်လာပါတယ်။




Comments