ဒေါ်နီမိုလှိုင်၊မစုမြတ်ထက်နဲ့မဆုရည်လင်းတို့ လွတ်မြောက်လာ
- BVJ

- Mar 2
- 1 min read
မိုနာ/BVJ_မတ် ၂၊ ၂၀၂၆

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံထားတဲ့ ဒေါ်နီမိုလှိုင်နဲ့ တူမဖြစ်သူမစုမြတ်ထက်၊ မဆုရည်လင်းတို့ ဒီနေ့မှာလွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒေါ်နီမိုလှိုင်ကို စစ်အုပ်စုက ၂၀၂၅၊ ဇန်နဝါရီ ၁၄ရက်မှာ ထောင်ဆယ်နှစ်ချမှတ်ခဲ့တာဖြစ်ပြီး ဒီနေ့သာယာဝတီထောင်က လွတ်ငြိမ်းပေးတဲ့ထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။
“ဒီနေ့လွတ်တဲ့ထဲ နီမိုလှိုင်တို့ တူဝရီးသုံးယောက်လုံးပါလာတယ်”လို့ ဒေါ်နီမိုလှိုင်တို့နဲ့ နီးစပ်သူတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
ဒေါ်နီမိုလှိုင်ဟာ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီကဖမ်းဆီထားတဲ့တူမဖြစ်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းရဲ့ ရုံးချိန်းကိုသွားရောက်ချိန် သင်္ဃန်းကျွန်းခရိုင်တရားရုံးထဲမှာ ဖမ်းဆီးခဲ့ရတာဖြစ်ပြီး နောက်ထပ်တူမတစ်ဦးဖြစ်သူ မစုမြတ်ထက်ကိုတော့ ဒေါ်နီမိုလှိုင်ဖမ်းဆီးခံရပြီး နောက်ရက်မှာ ထပ်မံဖမ်းဆီးခဲ့တာပါ။
အဲ့ဒီနောက် မဆုရည်လင်းကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နီမိုလှိုင်ကို ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဆယ်နှစ်ချလိုက်တာပါ။
အရင်ကလည်း နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်တဲ့ဒေါ်နီမိုလှိုင်ဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှာပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDပါတီ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ရဲ့ သင်္ဃန်ကျွန်းမြို့နယ် လူငယ်တာဝန်ခံတစ်ဦးလည်းဖြစ်ပါတယ်။
အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မဆုရည်လင်းကိုတော့ စစ်အုပ်စုက ၂၀၂၁၊ဒီဇင်ဘာ ၁၉ ရက်ကဖမ်းဆီးခဲ့ပြီး ၂၀၂၂ မတ်လ ၃၁ ရက်မှာ နိုင်ငံတော်ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် တစ်နှစ်ခွဲနီးပါးအကြာမှာ နောက်ထပ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည နဲ့ ထပ်မံတရားစွဲဆိုခဲ့တာပါ။
မဆုလင်းဟာ သင်္ဃန်းကျွန်းမြို့နယ် ပြောက်ကျားဆန္ဒပြပွဲတစ်ခုကိုအသွားမှာ စစ်အုပ်စု အရပ်ဝတ်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။




Comments