လက်ရှိချန်ပီယံ အာဂျင်တီးနားကိုအနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားချန်ပီယံဖြစ်
- BVJ

- Jul 20
- 1 min read
စပိန် ၁ - ၀ အာဂျင်တီးနား

စပိန်အသင်းဟာ သူတို့ရဲ့သမိုင်းတလျှောက်မှာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာခဲ့ပါပြီ။ နယူးယောက်နယူးဂျာစီမှာကျင်းပတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာတော့ လူဝီဒီလာဖွန်တေးရဲ့ စပိန်အသင်းဟာ အာဂျင်တီးနားကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့တာပါ။
ပွဲချိန်တလျှောက်လုံး စပိန်အသင်းကပဲ အသာစီးရယူကစားသွားနိုင်ခဲ့ပေမဲ့ ဂိုးရဖို့အတွက်တော့ ပွဲချိန် ၁၀၆ မိနစ်အထိစောင့်ဆိုင်းခဲ့ရပါတယ်။ အာဂျင်တီးနား ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ဟာ ပွဲချိန်အတွင်းအကောင်းဆုံးလက်စွမ်းပြပြီး ဂိုးပေါက်ကို ၁၂ ကြိမ်အထိကာကွယ်နိုင်ခဲ့ပေမယ့် ပက်ဒရိုပေါ်ရိုရဲ့ ဂိုးဖန်တီးမှုကို နီကိုဝီလျံက ခေါင်းတိုက်ချပေးချိန်မှာတော့ ဖာရန်တောရက်စ်ရဲ့ ပြင်းထန်တဲ့ပိတ်သွင်းချက်ကို မတားဆီးနိုင်တော့ဘဲဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာပွဲချိန်ကုန်ခါနီးမှာ အန်ဇိုဖာနန်ဒက်ဇ် အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရတဲ့အတွက် လူအင်အားလျော့နည်းသွားခဲ့ပေမဲ့ နောက်ဆုံးမိနစ်အထိ အကောင်းဆုံးတုံ့ပြန်ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းကလိုပဲ စပိန်တို့ဟာအချိန်ပိုမှာပဲအနိုင်ဂိုးကိုရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းဟာ ဒီပြိုင်ပွဲတလျှောက်ဂိုးတစ်ဂိုးသာပေးခဲ့ရပြီး ကမ္ဘာ့ဖလားသမိုင်းတလျှောက် စံချိန်တင်အောင်ပွဲခံနိုင်ခဲ့ပါတယ်။

စပိန်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားတွေဖြစ်တဲ့ လာမင်းယမားနဲ့ ပါအူကူဘာစီတို့ဟာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာပါဝင်ကစားခဲ့တဲ့ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် ဆယ်ကျော်သက်ကစားသမားတွေဖြစ်လာခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်တုန်းက ပီလီ (၁၇ နှစ်)၊ ၁၉၈၂ခုနှစ်က ဂီယူဆက်ပီ ဘာဂိုမီ (၁၈ နှစ်) နဲ့ ၂၀၁၈ ခုနှစ်က ကီလီယန် အမ်ဘာပီ (၁၉ နှစ်)တို့လိုပဲ သူတို့နှစ်ယောက်လည်း အောင်ပွဲခံနိုင်ခဲ့ကြတာပါ။
စပိန်နည်းပြ လူဝီဒီလာဖွန်တေးကတော့ အသက် ၆၅ နှစ်နဲ့ ၂၈ ရက်အရွယ်မှာ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်တဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်တုန်းက အသက် ၅၉ နှစ်နဲ့ ၂၂၀ ရက်အရွယ်မှာ စပိန်အတွက် ပထမဆုံးကမ္ဘာ့ဖလားကိုရယူပေးခဲ့တဲ့ နည်းပြ ဗစ်ဆင်တီ ဒဲလ်ဘော့စ်ကရဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ အသက် ၃၉ နှစ်နဲ့ ၂၅ ရက်အရွယ်မှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာပါဝင်ကစားနိုင်တဲ့ အသက်အကြီးဆုံး ကွင်းလယ်/တိုက်စစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ၁၉၅၈ ခုနှစ် ဗိုလ်လုပွဲတုန်းက အသက် ၃၇ နှစ်နဲ့ ၂၄၁ ရက်အရွယ်ရှိတဲ့ ဆွီဒင်ကစားသမား ဂန်နာဂရင်းရဲ့ စံချိန်ကိုချိုးဖျက်နိုင်ခဲ့တာပါ။
ဒါ့အပြင် မက်ဆီဟာ ၂၀၁၄၊ ၂၀၂၂ နဲ့ ၂၀၂၆ ခုနှစ် ဗိုလ်လုပွဲတွေမှာ ပါဝင်ကစားပေးခဲ့ပြီး ဘရာဇီးဂန္ထဝင် ကာဖူး(၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂)ပြီးရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ (၃) ကြိမ်ပါဝင်ကစားနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။




Comments