ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရန်ကုန်အခြေစိုက်နိုင်ငံတကာသံရုံးတွေ ပါဝင်ဆုတောင်း
- BVJ

- Jun 22, 2025
- 1 min read
BVJ/မိုနာ_ ဇွန် ၁၉၊ ၂၀၂၅

ဒီနေ့ဇွန် ၁၉ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ကို ရန်ကုန်အခြေစိုက်သံရုံးတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ်စတဲ့ နိုင်ငံသံရုံးတွေက ပါဝင်ဆုတောင်းထားကြပါတယ်။
သံရုံးတွေမှာ ဒေါ် အောင်ဆန်းစုကြည်ပန်းပန်ထားတဲ့အပြာရောင်နောက်ခံနဲ့ပုံကို တင်ထားကြသလို သံရုံးပေ့ချ်တွေရဲ့ ပရိုဖိုင်းဓါတ်ပုံတွေမှာ နှင်းဆီပန်းပါတဲ့ဓါတ်ပုံတွေကို ပြောင်းလဲဖော်ပြလာကြပါတယ်။
ရန်ကုန်ရှိအမေရိန်ကန်သံရုံးက “ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် ထိန်းသိမ်းခံရပြီး အကျဉ်းကျလျက်ရှိစဉ် ဆင်နွှဲရသည့် ငါးကြိမ်မြောက် မွေးနေ့လည်း ဖြစ်သည်။ သူ၏ ဘဝနှင့် လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလိုလားတောင့်တမှုများကို ထင်ဟပ်လျက်ရှိပါသည်။
ယနေ့အခါသမယတွင် သူနှင့်အတူ အခြားသော မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အကြပ်အတည်းကို အဆုံးသတ်ရန် သက်ဆိုင်သူအားလုံးနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံရန် စစ်အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ ဆက်လက် တောင်းဆိုပါသည်”လို့ ဒီမနက်မှာ ရေးသားဖော်ပြလာပါတယ်။
အလားတူ နော်ဝေးသံရုံးကလည်း” ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ မိမိတို့ profile picture ကို ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ နော်ဝေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”လို့ ဖော်ပြပါတယ်။
ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိုလည်း စစ်ကောင်စီကိုတိုက်တွန်းတောင်းဆိုထားကြတာဖြစ်ပါတယ်။




Comments