ကမ္ဘာ့ဖလားမှာတာဝန်ယူမယ့် ဆိုမာလီနိုင်ငံသားဒိုင်လူကြီး အမေရိကန်နိုင်ငံထဲဝင်ခွင့်မရ
- BVJ

- Jun 9
- 1 min read
အေတီ/BVJ

လာမယ့်ကမ္ဘာ့ဖလားပွဲမှာတာဝန်ယူရမယ့် (FIFA)ဒိုင်လူကြီး ၅၂ ဦးထဲက ဆိုမာလီနိုင်ငံသား ထိပ်တန်းဒိုင်လူကြီး အိုမာအာတန်ဟာ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာန(DHS)ရဲ့စိစစ်မှုအရ နိုင်ငံအတွင်းဝင်ရောက်ခွင့်ငြင်းပယ်ခံခဲ့ရပါတယ်။
အာတန်ဟာ အမေရိကန်ပြည်ဝင်ခွင့်တရားဝင်ဗီဇာရရှိထားသူဖြစ်ပြီး မိုင်ယာမီလေဆိပ်ကဝင်ခွင့်မပေးတဲ့အတွက်လှည့်ပြန်ခဲ့ရပါတယ်။ပြီးတော့သူက ကမ္ဘာ့ဖလားပွဲမှာပထမဆုံးတာဝန်ယူခွင့်ရတဲ့ ဆိုမာလီနိုင်ငံသားဒိုင်လူကြီးဖြစ်လာဖို့ ရည်မှန်းထားသူဖြစ်ပါတယ်။
၂၀၂၃ခုနှစ် အယ်လ်ဂျီးရီးယားမှာကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလား (AFCON)ဗိုလ်လုပွဲမှာလည်းတာဝန်ယူခဲ့တဲ့သူဖြစ်ပြီး ၂၀၂၅ခုနှစ်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဒိုင်လူကြီးဆုလည်းရရှိထားပါတယ်။
ဆိုမာလီနိုင်ငံဟာ သမ္မတဒေါ်နယ်ထရမ့်အစိုးရလက်ထက် ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့နိုင်ငံတွေစာရင်းမှာပါဝင်နေတာကြောင့် အိုမာအာတန် ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။အခုလို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းက မက္ကဆီကိုနဲ့ကနေဒါတို့နဲ့အတူပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်ရဲ့ခရီးသွားလာရေးမူဝါဒတွေနဲ့ပတ်သက်ပြီး နောက်ဆုံးအငြင်းပွားမှုတစ်ခုဖြစ်ပါတယ်။
အီရန်လက်ရွေးစင်အသင်းဟာလည်း ဗီဇာပြဿနာတွေကြောင့် မက္ကဆီကိုမှာပဲ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။အီရန်ကစားသမားတွေကို ကမ္ဘာ့ဖလားပွဲကစားဖို့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာဖြစ်ပေမယ် ပွဲပြီးရင်နယ်စပ်က သူတို့အခြေစိုက်စခန်းကိုချက်ချင်းပြန်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဝန်ထမ်းအချို့လည်း အမေရိကန်ဗီဇာလုံးဝမရရှိကြပါဘူး။




Comments