၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဒီနေ့စပြီ
- BVJ

- Jun 12
- 1 min read
BVJ_ဇွန် ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဒီနေ့ကြာသပတေးနေ့မှာစတင်မှာဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့မှာပူးတွဲကျင်းပမယ့် ဒီကမ္ဘာ့ဖလားပွဲဟာ ဘောလုံးသမိုင်းတလျှောက်အကြီးမားဆုံးပြိုင်ပွဲကြီး ဖြစ်လာမှာပါ။
အသင်းပေါင်း ၄၈ သင်း ပထမဆုံးအကြိမ် (စံချိန်တင်)ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လာမယ့်ခြောက်ပတ်အတွင်းမှာ ပွဲစဉ်ပေါင်း ၁၀၄ ပွဲကစားကြရမှာပါ။ ဘောလုံး ပရိသတ်သန်းပေါင်းများစွာက ဖွင့်ပွဲအခမ်းအနား၊ ပွဲဦးထွက်ပွဲစဉ်တွေကို စိတ်ဝင်တစားစောင့်ကြည့်ကြဖို့ရှိပါတယ်။
ဇွန်လ ၁၁ ရက်နေ့ပွဲစဥ်
ကမ္ဘာ့ဖလားပြိုင်ပွဲစတင်မယ့်ဇွန်လ ၁၁ ရက်၊ ကြာသပတေးနေ့မှာ အုပ်စု (A) ပွဲစဉ်နှစ်ပွဲကို မက္ကဆီကိုနိုင်ငံမှာကစားကြမှာပါ။
မက္ကဆီကိုစီးတီး Estadio Mexico Cityမှာကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (GMT ၁၇:၀၀ နာရီ)မှာစတင်မှာဖြစ်ပြီး မက္ကဆီကန်နဲ့လက်တင်တေးဂီတတွေ တင်ဆက်သွားဖို့ရှိပါတယ်။
မက္ကဆီကန်အဆိုတော် Alejandro Fernandez က နိုင်ငံတော်သီချင်းကိုသီဆိုမှာဖြစ်ပြီး Mana၊ Los Angeles Azules၊ Lila Downsနဲ့Belinda တို့အပါအဝင် အနုပညာရှင်တွေကပါဝင်ဖျော်ဖြေတင်ဆက်ပေးကြမှာပါ။

ဒါ့အပြင် ကိုလံဘီယာကနာမည်ကြီးအဆိုတော် J Balvin ဗင်နီဇွဲလား အဆိုတော် Danny Oceanတို့လည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော့် Shakiraနဲ့ နိုင်ဂျီးရီးယားအဆိုတော် Burna Boyတို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့တရားဝင်သီချင်း "Dai Dai"ကိုပွဲဦးထွက်သီဆိုဖို့စီစဥ်ထားပါတယ်။
ဖွင့်ပွဲအပြီးမှာ အိမ်ရှင်မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိကအသင်းတို့ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ (GMT ၁၉:၀၀ နာရီ)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
အဲ့ဒီပွဲပြီးရင် ဒေသစံတော်ချိန် ည ၈ နာရီ (ဇွန်လ ၁၂ ရက်၊ GMT ၀၂:၀၀ နာရီ) မှာ ဂွာဒလာဂျာရာမြို့ရှိ Estadio Akron ကွင်းမှာ တောင်ကိုရီးယားအသင်းနဲ့ ချက်သမ္မတနိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။




Comments