အထူးတိုင်းစစ်ဌာနချုပ်ရုံးဗုံးကြဲခံရမှု စကားပြောစက်ပေါက်ကြားမှုကြောင့်ဟုဆို

CDMတပ်ကြပ်ကြီး နေဝင်းအောင်နဲ့ရဲဘော် ၅ ဦးကျဆုံးမှု အတည်ပြု
ယူဂရင်း/BVJ_စက်တင်ဘာ ၂၅၊ ၂၀၂၆

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာနချုပ်ရုံးကို မနေ့က စက်တင်ဘာလ ၂၄ ရက်မှာ အာဏာသိမ်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေတပ်ကCDMလုပ်ထားတဲ့ တပ်ကြပ်ကြီးနေဝင်းအောင်နဲ့PDFရဲဘော်၅ဦးတို့ ကျဆုံးခဲ့ပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုဟာ စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့စကားပြောစက်တွေကို ကြားဖြတ်ဖမ်းယူနားထောင်ပြီးနောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းကို ဖရဲသီးတွေရဲ့အထောက်အထားနဲ့သတင်းပို့ချက်အရသိရတယ်လို့ CDMဦးကျော်သက်လင်းက သူ့ရဲ့လူမှုကွန်ရက်ကနေ ဒီနေ့ နေ့လယ်မှာပြောလာပါတယ်။
"ဆရာကြီးနေဝင်းအောင်တို့ဖြစ်တဲ့ကိစ္စက စကားပြောစက်ကလုံခြုံရေးပေါက်တာဖြစ်ပါတယ်။ တိကျစွာသတင်းရှိပါတယ်။ သေချာလို့ကျနော်တင်တာပါ"လို့ ဦးကျော်သက်လင်းကပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တိုင်းသတိကြီးကြဖို့ကိုလည်းဦးကျော်သက်လင်းက ပြောနေပါတယ်။
အခုလေကြောင်းတိုက်ခိုက်မှုအတွင်း အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားနဲ့ CDMဗိုလ်မှူး တင်လင်းအောင်တို့အပါအဝင် နောက်ထပ်ရဲဘော်တချို့လည်း ဒဏ်ရာရရှိသွားပြီးဆေးကုသမှုခံယူနေတယ်လို့ အခြေအနေကိုသိရှိတဲ့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Burma VJကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့ရတဲ့ တပ်ကြပ်ကြီးနေလင်းအောင်ဟာ CDM ပုသိမ်လေတပ် ရေဒါဌာနကနေ ၂၀၂၁ခုနှစ်ကထဲကCDMလုပ်ထားသူဖြစ်ပြီး တော်လှန်ရေးတပ်တွေအတွက်လည်း လေကြောင်းနဲ့ပတ်သက်တာတွေကိုသင်ပြလမ်းညွှန်ပေးနေသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ အထူးတိုင်းစစ်ဌာနဟာ လက်ရှိမှာစစ်အောင်ရေးရန်ပုံငွေနဲ့ ချပ်ဝတ်တန်ဆာနဲ့ကျည်ကာတွေဖြည့်တင်းနိုင်ဖို့အတွက် ဝိုင်းချစ်မယ့်တိုင်းစစ် ကျပ်သိန်း (၅၀၀၀)ကမ်ပိန်းကိုပြုလုပ်နေတာဖြစ်ပါတယ်။




Comments