NUGနဲ့စစ်အုပ်စုမိတ်ဖက်မဖြစ်နိုင်တာ နိုင်ငံတကာကိုဦးကျော်မိုးထွန်းတင်ပြ

မိုနာ/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသားမိတ်ဖက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကွာခြားချက်ကို ရှင်းလင်းပြီး ရန်စောင်နေတဲ့စစ်အုပ်စုနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက်မိတ်ဖက်မဖြစ်နိုင်တာကို သတိပြုဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မနေ့က အောက်တိုဘာ ၆ ရက်မှာကျင်းပခဲ့တဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development)ခေါင်းစဉ်နဲ့ အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ဦးကျော်မိုးထွန်းကတောင်းဆိုတင်ပြခဲ့တာဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းတင်ပြတဲ့အထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့စစ်အုပ်စုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို အလုံးစုံချိုးဖောက်ကာ ကြီးလေးတဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တို့အပေါ် ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပြီး NUG၊ တိုင်းရင်းသားမိတ်ဖက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ဖို့၊ ဆောင်ကျဉ်းပေးဖို့နဲ့ တည်ဆောက်ဖို့ လက်တွဲပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီနှစ်ချက်ကိုရှင်းလင်းတဲ့ကွာခြားချက်နဲ့ ပြည်သူတွေကို အကြမ်းဖက်ရန်စောင်နေတဲ့စစ်အုပ်စုနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက် မဖြစ်နိုင်တဲ့အချက်တို့ကို ကောင်းစွာသတိပြုဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့လူ့အခွင့်အရေးတို့အတွက် တာဝန်ပေးအပ်ခံထားရတဲ့ အဓိကအင်္ဂါအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့အနေနဲ့ စစ်အုပ်စုကိုလက်မခံငြင်းပယ်ရေး၊ ကျူးလွန်မှုတို့ကိုတာဝန်ခံစေရေးနဲ့ မြန်မာပြည်သူတွေရဲ့ တရားမျှတမှု၊ လူသားဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတို့ကိုဖော်ဆောင်ရာမှာ မားမားမတ်မတ်ရပ်တည်ပေးရေးဆိုတဲ့အချက်(၃)ချက်ကို အရေးတကြီး အရေးယူလုပ်ဆောင်ပေးဖို့ကိုလည်း ဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။
အခုအစည်းအဝေးကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၉၀) ကျော်ပါဝင်ဆွေးနွေးခဲ့ကြတဲ့အောက်တိုဘာလ ၁ရက်နေ့ကနေ ၅ရက်အထိကျင်းပခဲ့တဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ပင်မကော်မတီများအစည်းအဝေးတွေအပြီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Social Developmentခေါင်းစဉ်နဲ့ အထွေထွေ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာတော့ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၄၀)ခန့်ပါဝင်မိန့်ခွန်းပြောကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပုံစာ-၂၀၂၆၊အောက်တိုဘာ ၆ရက်က Social Developmentခေါင်းစဉ်နဲ့မိန့်ခွန်းပြောကြားမှုအတွင်းတွေ့ရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း။




Comments