ထောင်တွင်းကျဆုံးသွားတဲ့ ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာကို CDMအာဇာနည်အဖြစ် NUGအသိအမှတ်ပြု

ယူဂရင်း/BVJ_အောက်တိုဘာ ၆၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးပြီး မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းအကျဉ်းချထားတဲ့ ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာကို CDMအာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် NUG၊ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုလိုက်ပါတယ်။
ဓာတ်ခွဲခန်းမှူးဒေါ်ခင်သီတာဟာ ၂၀၂၁၊ဖေဖော်ဝါရီလကစတင်ကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် CDMပြုလုပ်ထားတာဖြစ်ပြီး မန္တလေး၊အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရချိန်မှာ ဆေးဝါးကုသမှုအလုံအလောက်မရတာကြောင့် ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၈ရက်မှာကျဆုံးခဲ့တာဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဓာတ်ခွဲခန်းမှူး ဒေါ်ခင်သီတာအား CDM အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူကြေကွဲ ဝမ်းနည်းရပါသည်"လို့ မနေ့က အောက်တိုဘာ ၆ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာဖော်ပြပါတယ်။
အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)ကလည်း ဒေါ်ခင်သီတာဟာ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDMဝန်ထမ်းကိုထောက်ပံ့ကူညီခြင်း၊ ဖေးမစောင့်ရှောက်ခြင်းစတဲ့ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်တွေမှာကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာထမ်းရွက်ခဲ့တဲ့ လေးစားထိုက်တဲ့ CDMဝန်ထမ်းကောင်းတဦးဖြစ်တယ်လို့ အောက်တိုဘာ ၄ ရက်နေ့မှာကြေညာထားပါတယ်။




Comments