ဆားတောင်မိုးကြိုးတပ်ဖွဲ့ခေါင်းဆောင် ဒေသတွင်းပစ်ခတ်လုပ်ကြံခံရပြီး ကျဆုံး

မိုနာ/BVJ_အောက်တိုဘာ ၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသအတွင်းလှုပ်ရှားတဲ့ ဒေသတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးဟာ မနေ့ကအောက်တိုဘာ ၅ရက်မှာပစ်ခတ်လုပ်ကြံခံရပြီး ကျဆုံးသွားတယ်လို့ ဒေသတွင်းကသိရပါတယ်။
"ခေါင်းကိုသေနတ်နဲ့ပစ်ခံရပြီး ကျသွားတာ။ ဖြစ်သွားတာကတော့ အိုင်ဓမ္မရွာကစတားလင့်ဆိုင်မှာ ဝင်ပစ်သွားတာပါ"လို့ ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
ခေါင်းဆောင်ကိုမိုးကြိုးကျဆုံးသွားတာနဲ့ပတ်သက်ပြီး ဆားတောင်မိုးကြိုးအဖွဲ့ကို သီးခြားဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာ ပစ်ခတ်လုပ်ကြံမှုကိုဘယ်အဖွဲ့ကလုပ်လဲဆိုတာနဲ့ ဘာအကြောင်းကြောင့်ပစ်ခတ်ခံရလဲဆိုတာလည်းမသိရသေးဘဲ လာပစ်တဲ့အဖွဲ့ကတော့ မျက်နှာဖုံးတွေစွပ်ထားကြတယ်လို့ ဒေသခံကပြောပါတယ်။
ဒီပစ်ခတ်မှုဟာ ဆားတောင်နယ်မြေအတွင်းကဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စစ်တပ်ဆီဘက်ပြောင်းသွားပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာတာပါ။
ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၂ရက်မှာ ဆားတောင်နယ်မြေအတွင်းရှိ Local PDF အဖွဲ့တွေက အမျိုးသား ၂၃ ဦးနဲ့ မိသားစုဝင်အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအဖွဲ့က အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ မိသားစုဝင် အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၈ ဦးတို့ဟာ လက်နက် ၁၃ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ စစ်အုပ်စုဘက်ကကြေညာခဲ့တာပါ။




Comments