စစ်ဘေးရှောင်တွေကိုကုသပေးနေတဲ့ အခမဲ့ဆေးခန်းဗုံးကြဲခံရပြီး စေတနာ့ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦး သေဆုံး

နီသွင်/BVJ _အောက်တိုဘာ ၅၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင်းရှိ "စေတနာ အာရက္ခပြည်သူအကျိုးပြုဆေးခန်း"ကို ဒီနေ့ အောက်တိုဘာ ၅ရက်နေ့မှာ စစ်အုပ်စုကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စေတနာ့ဝန်ထမ်း ၁၂ တန်းကျောင်းသူ မခိုင်သဇင်စိုးအသက်ဆုံးရှုံးသွားရတယ်လို့ အဲ့ဒီဆေးခန်းက အတည်ပြုထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်တွေကို အခမဲ့ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ အဲဒီဆေးခန်းအပေါ် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းလည်း ဆေးခန်းဘက်ကညနေပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
စေတနာ အာရက္ခပြည်သူအကျိုးပြု အခမဲ့ဆေးခန်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းက စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့သဘောထားကို BVJကိုအခုလိုပြောပြပါတယ်။
"ဒီ ရက်စက်ယုတ်မာမှုကတော့ ကမ်းကုန်သွားပြီ။ စက်တင်ဘာ ၂၈ ရက်နေ့ကပဲ ကျောက်တော်က အိန္ဒိယဈေးကိုပစ်တယ်။ အခု ဆေးခန်းကိုလာပစ်တယ်။ ဒီဆေးခန်းက အဲဒီအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဘေးရှောင်တွေခိုလှုံအားထားနေရတာ။ ဒီဆေးခန်းကိုလာပစ်တယ်ဆိုတာက စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုမရအောင် ရည်ရွယ်လုပ်ဆောင်တာလို့ပဲမြင်တယ်" လို့ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းအတွင်းရှိ ဆေးဝါးတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ လူနာဆောင်တွေပါ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆေးခန်းရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်အုပ်စုက အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး စာရေးဆရာဝေဟင်အောင်က အခုလိုထပ်ပြောပါတယ်။
"အဓိကကတော့ ၄၉၂၆စစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးတစ်ခုခုနဲ့ရခိုင်ပြည်ကိုပြန်ဝင်ဖို့ကြိုးစားတယ်။ ကြိုးစားတဲ့အချိန်မှာ တစ်ဖဝါးတစ်လက်မမှ တိုးမပေါက်တဲ့အတွက် သူတို့ရဲ့အားအသာဆုံးဖြစ်တဲ့လေကြောင်းကို အသုံးပြုတာပါ။ စစ်မြေပြင်မှာလေကြောင်းအသုံးပြုတာကိုတော့ ဘာမှတ်ချက်မှပေးစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့ကအရပ်သားတွေကိုပဲ ပစ်မှတ်ထားသတ်ဖြတ်လာတာကတော့ တော်တော်ယုတ်မာသွားပြီလို့ ပြောရပါမယ်" လို့ ပြောပါတယ်။
စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းဟာ AAအစိုးရကဖွင့်လှစ်ထားတဲ့ဆေးခန်းတစ်ခုမဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒဏ်ကြောင့်အခက်အခဲတွေကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုသမှုပေးဖို့ရည်ရွယ်ဖွင့်လှစ်ထားတဲ့ လူမှုကူညီရေးဆေးခန်းတစ်ခုသာဖြစ်ပါတယ်။
လက်ရှိမတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ဆေးခန်းကိုယာယီပိတ်ထားရတာနှစ်လကျော်ကြာမြင့်နေပြီဖြစ်လို့ ဗုံးကြဲခံရတဲ့အချိန်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေမရှိဘူးလို့သိရပါတယ်။
သို့သော်လည်း ဒီနေ့မနက်ပိုင်းက ပန်းနီလာစစ်ဘေးရှောင်စခန်းနဲ့ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းတို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် ဒေါ်လှမေသိန်း (၅၄ နှစ်)နဲ့ Grade 12 ကျောင်းသူ မခိုင်သဇင်စိုးတို့ သေဆုံးခဲ့ရပါတယ်။




Comments