ချွန်ဘူရီမှာ မြန်မာ ၁၀ ဦးနဲ့ တရုတ်လူမျိုး ၅ ဦးတို့ကို စစ်ဘက်သုံးလက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိ
- BVJ

- Jun 28, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၂၈ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် Ban Bueng ဒေသက စက်ရုံတစ်ခုမှာ နိုင်ငံခြားသား ၁၅ ဦးကို စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းကျည် ၂၀၀ ကျော်နဲ့အတူ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ထိုင်းစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ACTPD) နဲ့ အလုပ်သမားဦးစီးဌာနတာဝန်ရှိသူတို့က ဒီနေ့ ဇွန် ၂၈ ရက်မှာ ချွန်ဘူရီခရိုင်ထဲက သံသယရှိတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးချိန် မြန်မာနိုင်ငံသား ၁၀ ဦးနဲ့ တရုတ်လူမျိုး ၅ ဦးတို့ကို စစ်ဘက်သုံး လက်နက်ခဲယမ်းကျည်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက စက်ရုံအတွင်း ဝင်ရောက်စစ်ဆေးချိန် အခန်းတစ်ခုအတွင်း ပလတ်စတစ်ပုံးနဲ့ထည့်ထားတဲ့ ပွိုင့် 22 ကျည် ၇ တောင့်၊ ပွိုင့် 40 ခြောက်လုံးပြူးကျည် ၂၆ တောင့်၊ ၉မမ ပစ္စတိုကျည် ၂၁ တောင့်၊ ပွိုင့် 45 ခြောက်လုံးပြူးကျည် ၁၇ တောင့်၊ ၅.၅၆ ကျည် ၁၃၂ တောင့်အပါအဝင် အခြားစစ်ဘက်ဆိုင်ရာ ခဲယမ်းကျည်အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၁၅ ဦးကို ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်နေခြင်း၊ ခွင့်ပြုချက်မဲ့ ခဲယမ်းကျည်တွေကို လက်ဝယ်ကိုင်ဆောင်ခြင်းနဲ့ အရပ်သားတွေကို ခွင့်ပြုချက်လိုင်စင်ထုတ်ပေးလို့မရတဲ့ ကျည်အမျိုးအစားတွေကို တရားမဝင် လက်ဝယ်ကိုင်ဆောင်ခြင်း စတဲ့ ပြစ်မှုတွေနဲ့ ထိုင်းအာဏာပိုင်တွေက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
အခုစစ်ဆင်ရေးကို အဓမ္မဖိအားပေးလုပ်အားခိုင်စေမှု၊ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးတို့အတွက် စီမံချက်ဖော်ဆောင်ကာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေနဲ့ သံသယရှိရာနေရာတွေကို ဝင်ရောက်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ဝင်ရောက်စစ်ဆေးမှုအတွင်း ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ နေထိုင်နေသူတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး အချို့က ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးခဲ့ရပြီး Ban Bueng ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကာ ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။




Comments