ကျားဖြူပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို PDFဖမ်းဆီးသွားတယ်လို့ စစ်အုပ်စုထုတ်ပြန်
- BVJ
- Dec 3
- 1 min read
မိုနာ/BVJ_ ဒီဇင်ဘာ ၃၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အေးကျွန်းကျေးရွာနေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက်ကို PDFတွေက ဆိုင်ကယ်နဲ့လာပြီးဖမ်းသွားတယ်လို့ စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ဖော်ပြပါတယ်။
ဦးဝေလင်းထက်(၃၇ နှစ်)ဟာ ကျားဖြူပါတီလို့လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၂၉ရက်နေ့ ညနေသုံးနာရီမှာ နေအိမ်မှာမိသားစုနဲ့အတူရှိနေချိန် ဆိုင်ကယ်နှစ်စီးနဲ့ PDFသုံးယောက်က လာဖမ်းသွားတာလို့ဆိုထားပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးအတည်ပြုသိရှိနိုင်ဖို့အတွက် ကျားဖြူပါတီနဲ့ ပခုက္ကူတပ်ရင်းတပ်ဖွဲ့တွေကို Burma VJကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပခုက္ကူအခြေစိုက်တပ်ရင်းတွေနဲ့နီးစပ်သူတစ်ဦးကတော့ ဒီလိုအလားတူဖြစ်စဉ်မျိုးတွေ နှစ်ကြိမ်လောက်ဖြစ်တာမျိုးတွေရှိတယ်လို့ Burma VJကိုပြောပါတယ်။
စစ်အုပ်စုကတော့ အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုနိုင်အောင် ဖမ်းဆီးမှုနဲ့ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းကကာကွယ်ရေးဥပဒေပုဒ်မ ၂၄(က)နဲ့ ပခုက္ကူမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်အုပ်စုထုတ်ပြန်ချက်ထဲမှာတော့ ရွေးကောက်ပွဲမှာပါဝင်မပတ်သက်ဖို့နဲ့မဲမပေးဖို့ဆိုပြီး ဆရာမတချို့ကိုလည်း ဖုန်းနဲ့စာပို့ခြိမ်းခြောက်တာတွေရှိတာကြောင့် ဒီဖုန်းနံပါတ်တွေကိုလည်း စိစစ်ဖော်ထုတ် အရေးယူဖို့လုပ်နေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေပါတီရဲ့ ဆိုင်းဘုတ်တွေကိုဖျက်းဆီးသူတွေကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း-၁အတွက် ပါတီဆိုင်းဘုတ်ဖျက်ဆီးသူတွေနဲ့ ရွေးကောက်ပွဲနှောင့်ယှက်သူတွေဆိုပြီး ဆက်တိုက်ဖမ်းဆီးအရေးယူမှုတွေကို တောက်လျောက်ထုတ်ပြန်နေတာဖြစ်ပါတယ်။



