စစ်တွေနဲ့ကျောက်ဖြူကို အေအေထိုးစစ်စတင်ပြီး ရခိုင်တိုက်ပွဲ တကြော့ပြန်ပြင်းထန်လာ
- BVJ

- 5 days ago
- 1 min read
BVJ/ဂျိုး_ဖေဖော်ဝါရီ ၈၊ ၂၀၂၆

ရခိုင်ပြည်နယ်အတွင်းက စစ်အုပ်စုထိန်းချုပ်ထားတဲ့စစ်တွေနဲ့ကျောက်ဖြူမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAတို့ကြား ဒီလဆန်းပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေပြင်းလာနေပါတယ်။
အာရက္ခတပ်တော်-AAအနေနဲ့ ပြီးခဲတဲ့လတွေက စစ်အုပ်စုရဲ့ ထိုးစစ်တွေခုခံရုံလောက်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျောက်ဖြူနဲ့စစ်တွေမြို့အတွင်းမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတွေကိုထိုးစစ်ဆင် တိုက်ခိုက်မှုတွေစတင်နေပြီလို့ သိရပါတယ်။
စစ်တွေမြို့နယ်အပြင်ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီကာကင်းတပ်စခန်းတွေကို အာရက္ခတပ်တော်-AAဘက်က ဒီရက်ပိုင်းအတွင်းမှာ စတင်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ရခိုင်ဒေသခံတဦးကပြောပါတယ်။
“စစ်တွေမြို့အနီးပတ်ဝန်းကျင် တောကန်တို့ အမြင့်ကျွန်း ကန့်ကော်ကျွန်းတို့ အဲဒီဘက်တွေမှာ စစ်တပ်ကတပ်စခန်းချထားရှိတယ်။ အဲဒီမှာတိုက်ပွဲဖြစ်ကြတယ်လို့ သိရတယ်”
ဒါ့အပြင် စစ်တွေမြို့ခံတစ်ဦးကလည်း မြို့ပြင်ဘက်ကလက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေ နေ့တိုင်းကြားနေရတယ်လို့ ပြောပါတယ်။
“အသံတွေတော့နေ့တိုင်းကြားနေရတယ်။ လက်နက်ငယ်သံတွေရော လက်နက်ကြီးသံတွေရော ဘယ်နေရာဖြစ်နေကြလဲဆိုတာတော့ အတိအကျမသိဘူး။ မြို့အနီးအနားရောက်လာပြီလို့တော့ ပြောသံကြားတယ်”

အခုလိုတိုက်ပွဲတွေကြောင့် စစ်တွေမြို့အတွင်းမှာရှိနေတဲ့ ဒေသခံတွေကြားစိုးရိမ်မှုတွေမြင့် တက်နေကြသလို စစ်အုပ်စုဘက်ကလည်း မြို့ဝင်မြို့ထွက်အားလုံးကိုပိတ်ထားတယ်လို့ ဒေသခံကဆက်ပြောပါတယ်။
“အခုကတော့ မြို့တွင်းမှာရှိတဲ့သူတွေလည်းအကုန်ကြောက်နေကြတယ်။ တချို့ကလည်း မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်လို့ ပြောသံကြားတယ်။ ဖြစ်လာရင်လည်း ပြေးစရာလည်းမရှိ အခုစားစရာလည်းမရှိ ဒုက္ခရောက်နေတာ”လို့ပြောပါတယ်။
တဆက်ထဲမှာပဲ အာရက္ခတပ်တော်-AAအနေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်အုပ်စုတပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ကျောက်ဖြူမြို့နယ် လမ်းကွဲကျေးရွာအနီးမှာရှိတဲ့စစ်အုပ်စုတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာပါ။
စစ်ကောင်စီဘက်ကတော့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမကျဆုံးရေးအတွက် အင်အား အလုံးအရင်းနဲ့ခုခံတိုက်ခိုက်နေသလို လေကြောင်းကနေ ဗုံးကြဲတာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။







Comments