စစ်တွေတဖက်ကမ်းကရွာတွေကို စစ်တပ်ကဗုံးကြဲနေ
- BVJ

- Dec 24, 2025
- 1 min read
BVJ/ဂျိုး_ ဒီဇင်ဘာ ၂၃၊ ၂၀၂၅

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတဖက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာသုံးရွာကို မနေ့ကညနေပိုင်းမှာ စစ်အုပ်စုကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်အုပ်စုဟာဆင်အင်းကြီးကျေးရွာ၊ ကွမ်းတောင်ကျေးရွာနဲ့ခမောင်းတောကျေးရွာတွေကို ဒီဇင်ဘာလ ၂၂ရက်နေ့ ခြောက်နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးတွေကြဲခဲ့တာဖြစ်ပါတယ်။
အခုလိုလေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတွေမထွက်လာသေးပေမယ့် ဒေသခံတွေရဲ့နေအိမ်တချို့မီးလောင် ပျက်ဆီးသွားတာရှိတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။
လက်ရှိစစ်အုပ်စုဗုံးကြဲချခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးမှာရှိတာလည်းဖြစ်ပါတယ်။ စစ်အုပ်စုဘက်က စစ်တွေမြို့ကိုခံစစ်ပြင်ဆင်တဲ့အနေနဲ့ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာ တပ်စခန်းတွေ နေရာချနိုင်ဖို့ကြိုးစားနေပြီး မကြာခဏဆိုသလိုလက်နက်ကြီးတွေနဲ့ အနီးအနားကျေးရွာတွေကို ရမ်းသန်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ ခြေကုတ်ယူထားတဲ့အာရက္ခတပ်တော်-AAဘက်ကလည်း စစ်တွေမြို့မှာရှိတဲ့စစ်အုပ်စုတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ စနိုက်ပါတွေနဲ့ပစ်ခတ်တာတွေလည်းရှိပါတယ်။







Comments